မွမ်ဘိုင်း၊ မတ် ၁၂ ။ ။ အိန္ဒိယတွင် လယ်သမားများ ထောင်သောင်းများစွာသည့် အစိုးရအား ဆန္ဒပြသည့် သီတင်းတစ်ပတ်တာ လမ်းလျှောက်ချီတက်ခြင်းဖြင့် မိုင် ၁၂၄ မိုင်ကို လမ်းလျှောက်ချီတက်ကာ မတ် ၁၁ ရက်တွင် မွမ်ဘိုင်းမြို့သို့ ရောက်ရှိသည်။
ဝန်ကြီးချုပ်နာရိန္ဒြာမိုဒီ၏ BJP ပါတီသည် ကုန်လွန်ခဲ့သည့် နှစ်နှစ်တာက ပေးအပ်ခဲ့သည့် ကတိကဝတ်များကို ဖြည့်ဆည်းခြင်း မရှိကြောင်း ဆန္ဒပြလယ်သမားများက ပြောကြသည်။
“လယ်သမားတွေရဲ့ ကြွေးကြော်သံကို နားဆင်ကြည့်ပါ။ BJP ပါတီဟာ စိုက်ပျိုးရေးချေးငွေ လျှော်ပေးရေး လယ်သမားထုအပေါ် ထားခဲ့တဲ့ သူတို့ရဲ့ အာမခံချက်အပေါ် ချိုးဖောက်ကြတဲ့ စာနစိတ်မဲ့ သစ္စာဖောက်တွေလို့ ကြွေးကြော်နေပါတယ်။ ပြီးတော့ ကောက်ပဲသီးနှံဈေး မျှတရေး၊ သစ်တောအခွင့်အရေးဥပဒေဖော်ဆောင်ရေးနဲ့ အခြားသော ကတိကဝတ်တွေကိုလည်း ပျက်ကွက်တယ်လို့ ရှုတ်ချနေတာဖြစ်တယ်။”ဟု ခရီးရှည်လမ်းလျှောက်ချီတက်မှုကို ကြီးမှူးကျင်းပသည့် All India Kisan Sabha –AIKS အဖွဲ့အစည်းက ပြောသည်။
AIKS လှုပ်ရှားမှု၏ အရောင်ဖြစ်သော အနီရောင်ဦးထုတ်နှင့် အလံများ လွှမ်းမိုးထားသည့် လူထုတန်းကြီး မွမ်ဘိုင်းသို့ ချီတက်လာသည့် သတင်းဓာတ်ပုံများအား အီးပီအေက ရိုက်ယူတင်ဆက်ခဲ့သည်။
အဆိုပါ လယ်သမားထုကြီးအနေဖြင့် မဟာရာရှာထရာ လွှတ်တော်ရုံးပြင်ပတွင် တောင်းဆိုချက်များ မရမချင်း မတ် ၁၂ ရက်၌ စတင်ဆန္ဒပြကြမည်ဖြစ်ကြောင်း AIKS အရ သိရသည်။