လာဟိုး၊ ပါကစ္စတန်၊ မတ် ၁၂ ။ ။ ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်းနာဝဇ်ရှာရစ်ဖ်သည် တနင်္ဂနွေနေ့က မိန့်ခွန်းပြောကြားနေခိုက်တွင် အစ္စလာမ်မစ် ကျမ်းစာသင်ကျောင်းမှ ကျောင်းသားတစ်ဦး၏ ဖိနပ်နှင့်ပစ်ပေါက်ခြင်းကိုခံခဲ့ရပြီး ယင်းလုပ်ရပ်သည် မွတ်စလင် နိုင်ငံများ၌ ကြီးမားသောစော်ကားမှုတစ်ခုဟု သတ်မှတ်ထားကြောင်း သိရသည်။
အဂတိလိုက်စားမှုစွပ်စွဲချက်များကြောင့် ပြီးခဲ့သောနှစ်က ရာထူးမှဖယ်ရှားခံခဲ့ရသည့် နာဝဇ်ရှာရစ်ဖ်သည် တနင်္ဂနွေနေ့က လာဟိုးမြို့ရှိ အစ္စလာမ်ကျမ်းစာသင်ကျောင်း၌ မိန့်ခွန်းပြောကြားနေခဲ့ပြီး သူ၏ပခုံးအား ဖိနပ် တစ်ဖက်ထိမှန်ခဲ့ချိန်တွင် လွန်စွာတုန်လှုပ်သွားခဲ့သည်ကို ထင်ထင်ရှားရှားတွေ့ခဲ့ရသည်။
လက်ရှိအာဏာရပါတီအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ရှာရစ်ဖ်၏လက်ထောက်တစ်ဦးဖြစ်ခဲ့သူ နိုင်ငံခြားရေးဝန်ကြီး ကာဝါဂျာမူဟာမက်အာဆစ်ဖ် ပါကစ္စတန်အရှေ့ပိုင်း၌ မိန့်ခွန်းပြောကြားခဲ့စဉ် မှင်နှင့်အပက် ခံခဲ့ရပြီးနောက် တစ်ရက်အကြာတွင် ယခုဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဝန်ကြီးချုပ်ဟောင်း ဖိနပ်နှင့်ပစ်ပေါက်ခံခဲ့ရပုံအား ပါကစ္စတန်ရုပ်သံလိုင်းများ၌ တိုက်ရိုက်ထုတ်လွှင့်ခဲ့ပြီး ယင်းလုပ်ရပ်သည် မွတ်စလင်ကမ္ဘာထဲ၌ ပြင်းပြင်းထန်ထန်စော်ကားခံရမှုဟု သတ်မှတ်ထားကြောင်း သိရသည်။
ဖိနပ်နှင့်ပစ်ပေါက်ခဲ့သူသည် ရှာရစ်ဖ်မတ်တပ်ရပ်စကားပြောနေသော စင်ပေါ်သို့တက်ခဲ့ပြီး အော်ဟစ်ခဲ့ကာ ထို့နောက်တွင် သူ့ကိုလူအုပ်ကြီးကဖမ်းဆီးခဲ့ပြီး ရဲလက်သို့ အပ်ခဲ့သည်။
ယင်းဖြစ်ရပ်ဖြစ်ပွားခဲ့ပြီးနောက် မိနစ်ပိုင်းအကြာတွင် ရှာရစ်ဖ်အား အမြဲတစေဝေဖန်ခဲ့သော အတိုက်အခံပါတီမှ ခေါင်းဆောင်တစ်ဦးဖြစ်သည့် အင်မ်ရန်ခန်းက ယင်းလုပ်ရပ်အား ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည်။
“ဒါဟာ ခင်ဗျားတို့မကျေနပ်တာကို ထုတ်ဖော်ပြသရတဲ့ လုပ်ရပ်မျိုးမဟုတ်ပါဘူး။ ဘယ်သူလုပ်တာပဲဖြစ်ဖြစ် ကျနော်ကတော့ ပြင်းပြင်းထန်ထန်ဝေဖန်ပါတယ်” ဟု အင်မ်ရန်ခန်းက ဆိုခဲ့သည်။
ဝန်ကြီးချုပ်အဖြစ် သုံးကြိမ်ခန့်တာဝန်ယူခဲ့ဖူးသော ရှာရစ်ဖ်သည် လွန်ခဲ့သော ၂၀၁၇ခုနှစ် ဇူလိုင်လက အဂတိ လိုက်စားမှု စွပ်စွဲချက်များကြောင့် ရာထူးမှထုတ်ပယ်ခံခဲ့ရပြီး လက်ရှိအချိန်အတွင် ပါကစ္စတန်တရားရုံး၌ တရား ရင်ဆိုင်နေရသူဖြစ်သည်။