သုံးမြို့နယ်ဆက်သွယ်ထားသော ဖွံ့ဖြိုးရေးလမ်းမှာ အလွန်ပျက်စီးနေပြီး အမြန်ဆုံးပြုပြင်ရန် လိုအပ်နေ

သုံးမြို့နယ်ဆက်သွယ်ထားသော ဖွံ့ဖြိုးရေးလမ်းမှာ အလွန်ပျက်စီးနေပြီး အမြန်ဆုံးပြုပြင်ရန် လိုအပ်နေ
(ဓာတ်ပုံ- Su Myat Htet)

မုံရွာ၊ မတ် ၁၁။            ။ စစ်ကိုင်းမြို့နယ်၊ ဝက်လက်မြို့နယ်နှင့် အရာတော်မြို့နယ်တို့အား ဆက်သွယ်ထားသော ဖွံ့ဖြိုးရေးလမ်းမကြီးမှာ အလွန်ပျက်စီးလျှက်ရှိပြီး အမြန်ဆုံးပြုပြင်ရန် လိုအပ်နေကြောင်း စစ်ကိုင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်စုမြတ်ထက်က ပြောသည်။

အဆိုပါသုံးမြို့နယ်အား ဆက်သွယ်ထားသော သိမ်ချောင်း-ကျောင်းကုန်း-သလဲဘာ ဖွဲ့ဖြိုးရေးလမ်းမကြီးမှာ ပျက်စီးနေသည့်အတွက် အမြန်ဆုံး ပြန်လည်ပြုပြင်ရန်လိုအပ်လျှက်ရှိကြောင်း ၎င်းကဆိုသည်။

"ဒီလမ်းမကြီးဟာ ဟိုးအရင်က မြေသားလမ်းအဖြစ် ရှိနေပါတယ်။ နိုင်ငံတော်အစိုးရနဲ့ ဒေသခံတွေ ပူးပေါင်းပြီး တော့ ကတ္တရာလမ်းအဖြစ် ခင်းခဲ့ကြပါတယ်။ ၇ နှစ်သာ ရှိသေးပေမယ့် အလွန်အမင်း ပျက်စီးလျှက်ရှိပါတယ်။ ပြန်လည်ပြုပြင်ပေးဖို့လိုအပ်နေပါတယ်။" ဟု ဒေါ်စုမြတ်ထက်က ပြောသည်။

အဆိုပါ ဖွံ့ဖြိုးရေးလမ်းမကြီးသည် စစ်ကိုင်းမြို့နယ်နှင့် ဝက်လက်မြို့နယ်တို့တွင် သိမ်ချောင်း၊ ပေါက်မ၊ မင်းရွာ၊ ရွှေစည်းခုံ၊ ကျောက်ကုန်း၊ သရက်ချို စသည့်ကျေးရွာလမ်းပိုင်းတို့ပါဝင်ပြီး အရှည်အားဖြင့် ၇ ဒသမ ၆ မိုင် ရှိပြီး လမ်းဦးစီးဌာနပိုင် စစ်ကိုင်း-ရွှေဘိုလမ်းနှင့်ထပ်မံဆက်သွယ်ထားသော ဦးစားပေး အဆင့် ၁ လမ်းဖြစ်ကြောင်း သိရသည်။

ယင်းလမ်းပိုင်းသည် စစ်ကိုင်းမြို့နယ်အတွင်း၌ ၆ ဒသမ ၂ မိုင် ပါဝင်ပြီး ဝက်လက်မြို့နယ်အတွင်း၌ ၁ ဒသမ ၄ မိုင် ပါဝင်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး စက်မှု၊လက်မှုနှင့်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွှန့်ဝင်းက ပျက်စီးနေသောဖွံ့ဖြိုးရေးလမ်းအား မြေပြင်အခြေအနေကွင်းဆင်းကြည့်ရှု့ပြီး ဘဏ္ဍာရေးနှစ်အလိုက်   ပြင်ဆင်ရန်ပုံငွေထားရှိကာ လျာထားဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါ ဖွံ့ဖြိုးရေးလမ်းမကြီးကို ကျေးရွာ(၇)ရွာ၊ အိမ်ခြေ(၉၅၀)၊ လူဦးရေ (၆၇၄၁)ဦး တို့ မှီခိုသွားလာနေရသော ဖွံ့ဖြိုးရေးလမ်းပိုင်းဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly