ရန်ကုန် လေထုညစ်ညမ်းမှု အခြေအနေအား ၅ နှစ် အထိ တိုင်းတာပြီးမှ အတိအကျသိရှိနိုင်မည်

ရန်ကုန် လေထုညစ်ညမ်းမှု အခြေအနေအား ၅ နှစ် အထိ တိုင်းတာပြီးမှ အတိအကျသိရှိနိုင်မည်
ရန်ကုန်၊ မြို့တော်ခန်းမအနီး တပ်ဆင်ထားသည့်လေထုတိုင်းတာရေးစက်အား တွေ့မြင်ရစဉ်။ 

 

ရန်ကုန်၊ မတ်လ ၉ ။           ။ ရန်ကုန်တိုင်းဒေသကြီးအတွင်း လေထုညစ်ညမ်းမှု အခြေအနေအား ၅ နှစ်အထိ တိုင်းတာပြီးမှ အတိအကျ သိရှိနိုင်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၊ လက်ထောက်ဌာနမှူး ဒေါက်တာအောင်မြင့်မော်က ပြောသည်။ 

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း လေထုအရည်အသွေးအခြေအနေအား ၂ဝ၁၅- ၁၆ ခုနှစ်တွင် တစ်ကြိမ်၊ ၂ဝ၁၆- ၁၇ တွင် တစ်ကြိမ်နှင့် ၂ဝ၁၇- ၁၈ ခုနှစ်တွင် တစ်ကြိမ် စုစုပေါင်း ၃ ကြိမ်ထိတိုင်းတာပြီး စီးခဲ့ပြီး ပထမနှင့် ဒုတိယအကြိမ် တိုင်းတာခဲ့သည့် ရလဒ်များမှာ ထွက်ရှိပြီ ဖြစ်ကြောင်း သိရသည်။ 

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ မြို့နယ် ၄၅ မြို့နယ်တွင် လေထုအရည်အသွေးအား ပွိုင့် ၆၇ နေရာတိုင်းတာခဲ့ခြင်းဖြစ်ပြီး ၃ နေရာအား စက်ကို အထိုင်ထားကာ တိုင်းတာခဲ့ခြင်းဖြစ်သည်။

“ တစ်ကြိမ်တိုင်းတာဒါနဲ့ မလုံလောက်ဘူး။ အကြိမ်ကြိမ်တိုင်းတာဖို့လိုတယ်။ ကျွန်တော်တို့ YCDC တိုင်းတယ် ဆိုတာက ရန်ကုန်တစ်မြို့လုံးကို တိုင်းတာလေ။ စက်မှုဇုန်တစ်ခုတည်း သွားတိုင်းရင်တော့ များရင် များနေမှာ ပေါ့။ ကားတွေအရမ်းသွားနေတဲ့လမ်းကို သွားတိုင်းရင် များရင်များနေမှာပေါ့။ အဲ့ဒီလိုတော့ ရှိတာပေါ့။ ဒါပေမယ့် တစ်မြို့လုံးကို ခြုံငုံတဲ့ အတိုင်းအတာအရဆိုရင် ဒါကြောင့်မို့လို့ကျွန်တော်ပြောတာ ၅ နှစ်လို့ ပြောတာလေ။ အခု ၃ နှစ်ပြီးသွားပြီ။ ၂ နှစ်က အဖြေထွက်ပြီ။ ၁ နှစ် အဖြေကတော့ လုပ်နေဆဲဖြစ်တယ်။ ကျန်တဲ့ ၂ နှစ်ကို ဆက် တိုင်းမယ်။ ၅ နှစ်တိုင်းပြီးရင် ညစ်ညမ်းမှုများနေတယ်ဆိုရင် လျှော့ချသွားမယ်။ များရင်လျှော့ချဖို့က ကျွန်တော် တို့မှာ တာဝန်ရော၊ ဝတ္တရားရော ရှိတယ်လေ”ဟု ဒေါက်တာအောင်မြင့်မော်က ပြောသည်။ 

ထိုသို့ လေထုအရည်အသွေးတိုင်းတာမှုကို ၁ နာရီ၊ ၄ နာရီ၊ ၈ နာရီ၊ ၁၂ နာရီ၊ ၁၆ နာရီ၊ ၂၄ နာရီတိုင်းတာ မှုများရှိသည့်အပြင် ၁ ပတ်၊ ၁ လ၊ ၁ နှစ် တိုင်းတာမှုများရှိကြောင်းသိရသည်။ အဆိုပါ တိုင်းတာမှုများမှ ရရှိသည့် ရလဒ်များကို ပြန်လည် နှိုင်းယှဉ်ကာ လေထုညစ်ညမ်းမှုအခြေအနေကို အတည်ပြုနိုင်မည်ဖြစ်ကြောင်း ဒေါက်တာအောင်မြင့်မော်ကပြောသည်။ 

“ ၁၇- ၁၈ တောင် မပြီးသေးဘူး။ ဒီသုံးကြိမ်တိုင်းတာထားတဲ့ အဖြေရရင် ကျွန်တော်တို့က ဘာလုပ်မလဲ ဆိုရင် တော့ ဒီသုံးကြိမ်ရထားအဖြေသုံးခုကို နှိုင်းယှဉ်မယ်။ ဘာဖြစ်လို့လဲဆိုတော့ အထိုင်တည်ထားတဲ့စက်လည်း တူတယ်။ ၆၇ နေရာလည်းတူတယ်။ နောက်တခါတိုင်းတဲ့အချိန်လည်းတူတယ်။ တူတဲ့အတွက်ကြောင့်မို့လို့ ဒီနှစ်မှာဒီလောက်ရှိရင် နောက်နှစ်မှာ တိုးသွားလား။ လျော့သွားလား။ အဲ့ဒါကို နှိုင်းယှဉ်မယ်။ အဲ့ဒီအပြင် WHO ဂိုက်လိုင်းဆိုတာရှိတယ်။အာဆီယံအဆင့်သတ်မှတ်ချက်ဆိုတာရှိတယ်။ မြန်မာနိုင်ငံထုတ်ထားတဲ့ အင်မေးရှင်း ဂိုက်လိုင်းဆိုတာရှိတယ်။ ဒီသုံးခုနဲ့ နှိုင်းယှဉ်ပြီးတော့ ဒီနေရာများတယ်။ နည်းတယ်လို့ ပြောနိုင်မယ်။ ဒါတောင် အကြမ်းဖျဉ်းပဲ ပြောနိုင်မယ်။ နောက်နှစ်ဆက်တိုင်းဦးမှာ။ ၅ နှစ်လောက်တိုင်းပြီးတဲ့ အချိန်ကျမှ ဒီနေရာများ တယ်၊ ဒီနေရာနည်းတယ်ဆိုပြီး အဖြေတွေထွက်လာမယ်။ ဒါကြောင့် ၅ နှစ်ထိတော့ သည်းခံပြီးစောင့်ရမှာပဲ။ ဒါမှသာလျှင် ကျွန်တော်တို့က မှန်ကန်တဲ့အဖြေထုတ်လို့ရမှာ ”ဟု ၎င်းက ပြောသည်။ 

၅ နှစ်တာ လေထုတိုင်းတာမှု အနေအထားအရ ဆာလဖာဒိုင် အောက်ဆိုဒ် (SO2) ၊ မီသိန်း (Methane)၊ ကာဗွန်ဒိုင် အောက်ဆိုဒ် (CO2 ) ၊ ဖုန်မှုန့်-အမှုန်အမွှား (Particulate Matter-PM)၊ နိုက်ထရိုဂျင်အောက်ဆိုဒ် (NO) ၊ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ် (NO2) နှင့် ကာဗွန်မိုနော့ဆိုဒ် (CO)တို့အား နိုင်ငံတကာ လေထု အရည်အသွေး စံချိန်စံနှုန်းဖြင့် နှိုင်းယှဉ်ပြီးမှ တိကျသေချာသည့် ရလဒ်အား ထုတ်ပြန်ပေးမည်ဖြစ်သည်။ 

ထိုသို့ ၅ နှစ်အထိ တိုင်းတာပြီးပါက ရရှိလာသည့် အဖြေမှာ လေထုညစ်ညမ်းမှုမြှင့် တက်နေသည်ဆိုပါက YCDC အပါအဝင် ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့၊ စက်မှုဇုန် အဖွဲ့အစည်းများ၊ စက်ရုံပိုင်ရှင်များ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ်များဖြင့် မြေပြင် ကွင်းဆင်းကာ စံချိန်စံညွှန်းနှင့်အညီ လေထု ညစ်ညမ်းမှုအား လျှော့ချသွားမည်ဖြစ်ကြောင်းသိရသည်။ 

လေထုညစ်ညမ်းမှု ခန့်မှန်းချက်နှင့် ပတ်သက်ပြီး ၂ဝ၁၅ ခုနှစ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ထုတ်ပြန် ခဲ့ရာ နိုင်ငံပေါင်း ၁၈၈ နိုင်ငံတွင် မြန်မာနိုင်ငံမှာ လေထုညစ်ညမ်းမှု အဆင့် ၁၇ နှစ်တွင် ရှိနေပြီး အိမ်နီးချင်းနိုင်ငံ ဖြစ်သည့် တရုတ်နိုင်ငံမှာ အဆင့် ၁၆ တွင် ရှိနေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly