ဒီတစ်ပတ်လာလီဂါပွဲစဉ်ဇယားက ဘာစီလိုနာအသင်းကို ထိခိုက်နစ်နာစေတယ်လို့ ဘာစီလိုနာနည်းပြဗယ်ဗာဒီက ပြောဆိုလိုက်ပါတယ်။
အနီးဆုံးပြိုင်ဘက် အက်သလက်တီကိုအသင်းကို ၇ မှတ်ဖြတ်ပြီးအမှတ်ပေးဇယားထိပ်မှာ ရပ်တည်နေတဲ့ ဘာစီလိုနာအသင်းဟာ ကြာသပတေးနေ့မှာ စပိန်ကနေ လေယာဉ် သုံးနာရီခွဲကြာစီးရတဲ့ ဂရန်းကန်နာရီယာကျွန်းကို သွားပြီး လက်စ်ပါးမက်အသင်းနဲ့ ကစားရမှာပါ။
အဲဒီနောက် သုံးရက်အကြာမှာ ချန်ပီယံဆုအတွက်အရေးပါတဲ့ပွဲတစ်ပွဲအဖြစ် အမှတ်ပေးဇယားဒုတိယနေရာက အက်သလက်တီကိုအသင်းကို အိမ်ကွင်းမှာလက်ခံကစားရမှာဖြစ်ပါတယ်။
အဲဒါနဲ့ပတ်သက်ပြီး ဗယ်ဗာဒီက “ပွဲစဉ်ဇယားရေးဆွဲထားပုံက ကျွန်တော်တို့ကိုထိခိုက်နစ်နာစေပါတယ်။ ဆုံးဖြတ်ချက်တချို့က အားကစားရှုထောင့်ကမဟုတ်တဲ့ အကြောင်းအရာတွေရဲ့လွှမ်းမိုးခံထားရတာကိုလည်း သိပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။
ဒါကတော့ ရုပ်သံထုတ်လွှင့်ရအဆင်ပြေအောင်လို့ ပွဲစဉ်ဇယားကိုညှိနှိုင်းရေးဆွဲရတာကိုရည်ရွယ်ပြီးပြောဆိုခဲ့ဟန်တူပါတယ်။
လာလီဂါချန်ပီယံလုပွဲကလည်းမပြီးဆုံးသေးဘဲ ရီးယဲလ်မက်ဒရစ်မှာတောင် အခွင့်အရေးရှိနေသေးတယ်လို့လည်း ဗယ်ဗာဒီက ပြောဆိုခဲ့ပါတယ်။ တစ်ပွဲပိုကစားထားတဲ့ ရီးယဲလ်မက်ဒရစ်အသင်းဟာ ဘာစီလိုနာနဲ့ ၁၄ မှတ်အထိတောင်ကွာဟနေတာပါ။