ချယ်လ်ဆီးအသင်းထံ ပြောင်းရွှေ့ခွင့်ပြုရန် အဲဗာတန်အသင်းထံ ဂျွန်စတုန်းတောင်းဆို

ချယ်လ်ဆီးအသင်းထံ ပြောင်းရွှေ့ခွင့်ပြုရန် အဲဗာတန်အသင်းထံ ဂျွန်စတုန်းတောင်းဆို

လန်ဒန်၊ သြဂုတ် ၂၆ ။          ။ အဲဗာတန်အသင်း၏ အဓိက နောက်ခံကစားသမား ဂျွန်စတုန်းသည် ပရီးမီးယားလိဂ်ချန်ပီယံချယ်လ်ဆီးအသင်းထံသို့ ပြောင်းရွှေ့ရန် အလိုရှိနေပြီး ပြောင်းရွှေ့ခွင့်ပြုရန် မိခင်ကလပ်အသင်းထံသို့ တောင်းဆိုထားပြီ ဖြစ်သည်။

အသက် ၂၁ နှစ်အရွယ်ရှိ အင်္ဂလန်လက်ရွေးစင်ကစားသမားကို ခေါ်ယူနိုင်ရန်အတွက် ချယ်လ်ဆီးအသင်းသည် ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၀၊ ၂၆ သန်း၊ သန်း၃၀ တို့ဖြင့် သုံးကြိမ်တိုင် ကမ်းလှမ်းခဲ့သော် လည်း အဲဗာတန်းအသင်းက ပယ်ချခဲ့သည်။

အဲဗာတန် နည်းပြ မာတီနက်ဇ်ကလည်း ဂျွန်စတုန်းကို ရောင်းချမည် မဟုတ်ကြောင်း ပြောဆိုထားသည်။ ဂျွန်စတုန်းသည် ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ခွင့်ပြုရန် ပြီးခဲ့သည့်သောကြာနေ့ ကတောင်းဆို ခဲ့ကြောင်း မာတီနက်ဇ်က အတည်ပြုထားသည်။

သို့သော် ၎င်းက 'ကျွန်တော်တို့ဘက်ကတော့ ရှင်းပါတယ်။ ဂျွန်စတုန်းနဲ့လည်း နေ့တိုင်းစကားပြောဖြစ်ပါတယ်။ ကလပ်အသင်းနှစ်သင်း သဘောတူညီမှု မရရှိဘူးဆိုရင် ကစားသမားအနေနဲ့ ဘာကိုမှ မပြောင်းလဲနိုင်ပါဘူး' ဟု ပြောသည်။

သို့သော် ယခုအချိန်တွင် ချယ်လ်ဆီးအသင်းသည် ဂျွန်စတုန်းအတွက် စတုတ္ထအကြိမ် ကမ်းလှမ်းမှုအဖြစ် ပေါင် ၃၅ သန်းဖြင့် ကမ်းလှမ်းရန် ပြင်ဆင်လျက်ရှိပြီး ခေါ်ယူနိုင်မည်ဟု ယုံကြည်လျက်ရှိသည်။

ဂျွန်စတုန်းသည် ဘန်စလေအသင်းတွင် ၂၀၁၁  မှ ၂၀၁၃ အထိ ကစားခဲ့ပြီး ၂၀၁၃ တွင် အဲဗာတန်အသင်းသို့ ရောက်ရှိခဲ့သည်။ ကလပ်အသင်းပွဲစဉ်ပေါင်း ၈၅ ပွဲ ကစားထားပြီး ၂ ဂိုးသွင်းယူထားသည်။ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ၄ ပွဲ ပါဝင်ကစားထားသည်။

Ref: Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly