ဂျကာတာ၊ ဖေဖော်ဝါရီ ၂၃ ။ ။ အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းတွင် ဖေဖော်ဝါရီ ၂၂ ရက်က တောင်မြေပြိုကျမှုတစ်ရပ်ဖြစ်ပွားပြီးနောက် ရွှံ့နွံ့တောင်မြေအောက် ရောက်ရှိနေသူများကို ရှာဖွေရေးလုပ်ငန်းများအား ဖေဖော်ဝါရီ ၂၃ ရက်အထိ ဆက်လက်လုပ်ဆောင်နေသည်။
အဆိုပါ တောင်မြေပြိုကျမှုတွင် အနည်းဆုံး လူငါးဦး သေဆုံးခဲ့ပြီး စပါးခင်းများစွာ ပျက်စီးဆုံးရှုံးမှု ဖြစ်ခဲ့ရသည်။
ဒေသခံများ၏ ပြောကြားမှုအရ ပျောက်ဆုံးနေသူ ၁၈ ဦးရှိကြောင်း အမျိုးသားသဘာဝဘေးစီမံမှုအေဂျင်စီက လက်ခံပြီး ယခုကဲ့သို့ ရှာဖွေရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေခြင်း ဖြစ်သည်။
ယခု မြေပြိုကျမှုအတွင်း ထိခိုက်ဒဏ်ရာရသူ ၁၄ ဦးခန့်ကို ဘာရီဘီခရိုင်က ဆေးရုံများသို့ ခွဲပို့ထားသည်။
မြေအောက်ရောက်နေသည့် ကံဆိုးသောသူများကို ရှာဖွေရေးရာတွင် ရွာသူရွာသားများနှင့် စစ်သားများအပါအဝင်ဖြစ်သော ရာပေါင်းများစွာသော လူများက လက်ချည်းသက်သက်ဖြင့် လည်းကောင်း၊ လယ်ယာသုံးပစ္စည်းများဖြင့်လည်းကောင်း တူးဆွရှာဖွေလျက် ရှိကြသည်။
အဆိုပါ တောင်မြေပြိုကျမှုသည် မိုးသည်းထန်ခြင်းကြောင့် ဖြစ်ကြောင်း ဒေသသဘာဝဘေးအရာရှိ အီကိုက ပြောသည်။
တောင်မြေပြိုကျသည့် အနီးဝန်းကျင်က ဒေသခံပြည်သူများကို နောက်ထပ် မြေပြိုမှုများ ဖြစ်လာနိုင်သည့် ဘေးကြောင့် ဘေးလွတ်ရာအဝေးသို့ သွားရောက်ကြရန် သဘာဝဘေးတာဝန်ရှိသူများက ဆော်သြထားသည်။