တူရင်၊ သြဂုတ် ၂၅ ။ ။ အငှားစာချုပ်ဖြင့် အသင်းပြောင်းရွှေ့ရန်အတွက် အီတလီနိုင်ငံ၊ တူရင်မြို့သို့ ရောက်ရှိလာခဲ့သည့် ချယ်လ်ဆီးတောင်ပံကစားသမား ကွာဒရာဒိုကို ဂျူဗင်တပ်စ်အသင်းပရိသတ် အများအပြားက လေဆိပ်တွင် လာရောက်ကြိုဆိုခဲ့ကြသည်။
ကိုလံဘီယာတောင်ပံတိုက်စစ်ကစားသမားသည် အငှားဖြင့် ပြောင်းရွှေ့ရန်အတွက် တူရင်မြို့သို့ရောက်လာခြင်းဖြစ်ကြောင်း ဂျူဗင်တပ်စ်အသင်းက အတည်ပြုပြောဆိုသည်။
ပြီးခဲ့သည့်နှစ် ဇန်နဝါရီအပြောင်းအရွှေ့ကာလက ချယ်လ်ဆီးအသင်းသို့ ဖီအိုရင်တီးနားအသင်းမှ ပြောင်းရွှေ့လာသည့် ကွာဒရာဒိုသည် အင်္ဂလန်တွင် ပုံမှန်ခြေစွမ်းအပျောက်ဆုံးခဲ့ကာ ချယ်လ်ဆီးအတွက် ပါဝင်ကစားခွင့်ရခဲ့သည့် ၁၅ ပွဲ၌ တစ်ဂိုးမှ သွင်းယူနိုင်ခြင်း မရှိခဲ့ပေ။
ယခုနှစ်တွင် ချယ်လ်ဆီးအသင်းသို့ ဘာစီလိုနာတောင်ပံတိုက်စစ်ကစားသမား ပက်ဒရိုရောက်ရှိလာသည့်အတွက် ကွာဒရာဒိုမှာ ဂျူဗင်တပ်စ်သို့ အငှားသွားကစားရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။