သြဂုတ် ၂၅ ။ ။ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးများအဖြစ် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဗိုလ်မှူးကြီး ၈ ဦးအားသြဂုတ်လ ၂၄ ရက်နေ့က အမိန့်အမှတ်၊ ၁၆/၂၀၁၅ ဖြင့် နိုင်ငံတော်သမ္မတက ခန့်အပ် တာဝန်ပေးခဲ့သည်။
လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများအဖြစ် အသစ်ခန့်အပ်တာဝန်ပေးခံရသူများမှာ ကချင်ပြည်နယ်အစိုးရအဖွဲ့တွင် ဗိုလ်မှူးကြီး သူရမျိုးတင်၊ ချင်းပြည်နယ်အစိုးရအဖွဲ့တွင် ဗိုလ်မှူးကြီး ကျော်ကျော်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့တွင် ဗိုလ်မှူးကြီး ကျော်သန့်နိုင်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တွင် ဗိုလ်မှူးကြီး ခင်မောင်ဌေး၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့တွင် ဗိုလ်မှူးကြီး မျိုးမင်းအောင်၊ မွန်ပြည်နယ်အစိုးရအဖွဲ့တွင် ဗိုလ်မှူးကြီး ဝင်းနိုင်ဦး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တွင် ဗိုလ်မှူးကြီး တင်အောင်ထွန်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့တွင် ဗိုလ်မှူးကြီး စိုးမိုးအောင် တို့ဖြစ်ကြသည်။
၎င်းတို့နေရာတွင်ယခင် တာဝန်ထမ်းဆောင်ခဲ့သည့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများမှာ လာမည့်ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ကြမည်။