နာဂဒေသရှိ ဒေါ်ခင်ကြည်ရိပ်သာအား အကြီးစားပြင်ဆင်ထိန်းသိမ်းမည်

နာဂဒေသရှိ ဒေါ်ခင်ကြည်ရိပ်သာအား အကြီးစားပြင်ဆင်ထိန်းသိမ်းမည်
ဓာတ်ပုံ-ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၏ မိုဘိုင်းလ်လိုင်ဘရီတစ်ခု။

မုံရွာ၊ ဖေဖော်ဝါရီ ၁၀။        ။ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်၊ ပန်ဆောင်မြို့ရှိ ဒေါ်ခင်ကြည်ရိပ်သာအား လာမည့် ဘဏ္ဍာနှစ်တွင် အကြီးစားပြင်ဆင်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း နာဂဦးစီးအဖွဲ့ထံမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ ရန်ပုံငွေဖြင့် ယခုလာမည့် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်သွားမည်ဖြစ်ပြီး ခရီးသွားများလာရောက်   လေ့လာနိုင်ရန်အတွက်   ပြန်လည်ပြုပြင်ခြင်းဖြစ်ကြောင်း  သိရသည်။

"ဟုတ်ပါတယ်။ တိုင်းအစိုးရရဲ့ရန်ပုံငွေနဲ့ ပြင်ဆင်ထိမ်းသိမ်းသွားမှာဖြစ်ပါတယ်။ ဘယ်လောက်အကုန်အကျ ခံပြီး ပြုပြင်သွားမယ်ဆိုတာကတော့ အတိအကျမပြောနိုင်သေးပါဘူး။ အဓိက ရည်ရွယ်ချက်ကတော့ ပြည်တွင်းပြည်ပ ခရီးသွားတွေ လာရောက်လည်ပတ်လေ့လာနိုင်ဖို့အတွက် ဖြစ်ပါတယ်" ဟု နာဂဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးကေဆိုင်းက ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ဇနီး ဒေါ်ခင်ကြည်သည် အိန္ဒိယသံအမတ်ဖြစ်စဉ်က ဧည့်သည်များ တည်းခိုနေထိုင်ရန် အတွက် ဆောက်လုပ်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး အိန္ဒိယနိုင်ငံဘက်ခြမ်းတွင်းလည်း အလားတူဧည့်ရိပ်သာတစ်ခု ရှိကြောင်း သိရသည်။

အဆိုပါ ဧည့်ရိပ်သာသည် စစ်ကိုင်းတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ ပြည်တွင်း၊ ပြည်ပ ခရီးသွားဝန်ဆောင်မှုလုပ်ငန်း ဖော်ဆောင်နေသော နေရာတစ်ခုလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly