ဖေဖော်ဝါရီ ၇ ။ ။ အီရန်တို့၏ ဒုံးကျည် အစီအစဉ်များနှင့်ပတ်သက်၍ ဘယ်သူနှင့်မှ ဆွေးနွေးညှိနှိုင်းသွားမည်မဟုတ်ကြောင်း အီရန် သမ္မတ ဟာဆန် ရိုဟာနီက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
" ကျွန်တော်တို့ရဲ့ လက်နက်တွေနဲ့ပတ်သက်လို့ ဘယ်သူနဲ့မှ ဆွေးနွေးသွားဖို့ အကြောင်းမရှိပါဘူး" လို့ ရိုဟာနီက တီဟီရန်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောလိုက်ပါတယ်။
" အီရန်ထုတ် ဒုံးကျည်တွေက ဘယ်တုန်းကမှ သူများနိုင်ငံကို တိုက်ခိုက်ဖို့ ရည်ရွယ်ခဲ့တာ မဟုတ်ပါဘူး၊ ဘယ်တော့မှလည်း အဲဒီလို ဖြစ်မှာမဟုတ်ပါဘူး၊ ဒီလက်နက်တွေက ကိုယ့်ကိုယ့်ကိုယ် ကာကွယ်ဖို့ပဲ ရည်ရွယ်ပါတယ်၊ ဒါတွေက အစုလိုက်အပြုံလိုက်သေကျေစေတဲ့ လက်နက်တွေ မဟုတ်ပါဘူး၊ အဲဒါမျိုး ရှိလည်း မရှိသေးပါဘူး" လို့ ၎င်းက ပြောသွားပါတယ်။
ဒါ့အပြင် ၂၀၁၅ ခုနှစ်တုန်းက အင်အားကြီး ခြောက်နိုင်ငံအုပ်စုနဲ့ အကြား လက်မှတ်ထိုးထားတဲ့ နျူကလီးယားသဘောတူညီချက်ကိုလည်း ပြန်ပြင် ဆွေးနွေးညှိနှိုင်းစရာ အကြောင်းမရှိပါလို့လည်း အီရန်သမ္မတက ထပ်လောင်းပြောကြားသွားပါတယ်။
လက်ရှိအချိန်မှာ အီရန်ရဲ့ ဒုံးကျည်အစီအစဉ်တွေနဲ့ ဒေသတွင်း အပြုအမူတွေကြောင့် ယင်းနိုင်ငံအပေါ် ဆန်ရှင်တွေ ပြန်ချဖို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဖိအားပေး ခြိမ်းခြောက်မှုတွေ ရှိနေပေမယ့် အီရန်ဘက်ကတော့ အထက်ပါအတိုင်း တုန့်ပြန်သွားခဲ့တာဖြစ်ပါတယ်။
အမေရိကန်တို့အနေနဲ့ လက်ရှိအချိန်မှာ ခြိမ်းခြောက်မှုတွေ လုပ်နေတာကို ရပ်ဖို့ လိုနေပြီဖြစ်တယ်လို့ အီရန်ဘက်က တုန့်ပြန်သွားခဲ့ပါတယ်။