ဆေးဖက်ဆိုင်ရာသုံး ဆေးခြောက်စိုက်ပျိုးမှု အဓိကနိုင်ငံဖြစ်ရန် ထိုင်းနိုင်ငံ စိတ်ကူးရှိနေ

ဆေးဖက်ဆိုင်ရာသုံး ဆေးခြောက်စိုက်ပျိုးမှု အဓိကနိုင်ငံဖြစ်ရန် ထိုင်းနိုင်ငံ စိတ်ကူးရှိနေ

ဘန်ကောက်၊ ဖေဖော်ဝါရီ ၆ ။            ။ ဒေသတွင်း ဆေးခြောက်အား ဆေးဖက်ဆိုင်ရာသုံး အဓိကနိုင်ငံတစ်နိုင်ငံ ဖြစ်လာရေးအတွက် နောက်ခြေလှမ်းတစ်ရပ်ကို ထိုင်းနိုင်ငံက ပြင်ဆင်လျက် ရှိနေသည်။

ဆေးသုတေသနနှင့် ဆေးဝါးထုတ်လုပ်ရေးတို့အတွက် ဆေးခြောက်ကဲ့သို့သော ပင်စိမ်းကို တရားဝင်စိုက်ပျိုးနိုင်ကာ ဥပဒေအရ ဘောင်ဝင်မှုကို လွှတ်တော်အမတ်များ၊ နိုင်ငံတော်တာဝန်ရှိသူများ၊ ကျန်းမာရေးပညာရှင်များ၊ မူးယစ်ဆေးဝါးနှိမ်နင်းရေးအေဂျင်စီများအပြင် အမျိုးသားတောင်သူလယ်သမားကောင်စီတို့ကပါ ထောက်ခံမှု ပြုထားကြသည်။

သို့သော်လည်း အဆိုပါ လှုပ်ရှားမှုကို ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာန အစားအစာနှင့် ဆေးဝါးစီမံခန့်ခွဲရေးဦးစီးဌာနက ဆန့်ကျင်ပြီး ဆွေးနွေးညှိနှိုင်းမှုများ များစွာ လိုအပ်နေသေးသည်ဟု ဆိုထားသည်။

ဆေးခြောက်ကို မည်သည့်အကြောင်းပြချက်နှင့်မှ သုံးစွဲခြင်း၊ လက်ဝယ်ရှိခြင်းသည် လက်ရှိ တည်ဆဲထိုင်းဥပဒေအရ ဥပဒေမဲ့ တရားမဝင်ဖြစ်နေသည်။

မကြာသေးခင်က ထိုင်းအစိုးရသည် ဆေးဖက်ဆိုင်ရာအသုံးပြုရန် hemp ဆိုသော ဆေးခြောက်မျိုးစိတ်အား စီးပွားဖြစ် စိုက်ပျိုးမှု ငါးနှစ်တာ အစမ်းစီမံကိန်းတစ်ရပ်ကို အတည်ပြုချမှတ်ခဲ့သည်။

ထိုင်းနိုင်ငံအတွင်း Kanchong ဟုခေါ်သော hemp ဆေးခြောက်သည် marijuana ဆေးခြောက်မျိုးစိတ်ကွဲဖြစ်သော်လည်း သောက်ရှုရန်အတွက် မသင့်တော်ပေ။

ဘန်ကောက်ရှိ အထူးဆေးခန်းတစ်ခန်းမှ ဒေါက်တာ ဆွမ်နက်က ဆေးမြီတိုဆေးခြောက်ကုထုံးဖြင့် ကုသမှု ပေးနေပြီး ကင်ဆာရောဂါသည်များကို ဆေးခြောက်ဆီကုထုံးတစ်ရပ်ဖြင့် ကုသနေသည်။

အဆိုပါ ဆေးခြောက်ဆီသည် တရားဝင်မဟုတ်ဘဲ ထိုင်းနိုင်ငံအတွင်း တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် ဘန်သွန်းနီယာမာဘဟာက ဖန်တီးထုတ်လုပ်ထားခြင်း ဖြစ်သည်။

ပျစ်ပျစ်စိမ်းစိမ်းရှိသော ဆေးခြောက်ဆီကို ဘန်သွန်းက ပုလင်းလေးများအတွင်း ခပ်ထည့်ကာ ဆေးခြောက်ကို အခြေခံသော ဆေးဝါးထုတ်ကုန်တစ်ရပ်အဖြစ် ပရုပ်ဆီကဲ့သို့ ပုံစံမျိုး ဆေးခြောက်ဆီထုတ်လုပ်ခြင်း ဖြစ်သည်။

ဘန်သွန်း၏ ဆွေမျိုးများသည် ကင်ဆာရောဂါခံစားရပြီးနောက် ၎င်းက ဆေးခြောက်ကို ရောဂါကုထုံးအဖြစ် သုံးနိုင်မည်ဟု ယုံကြည်လျက် ယခုကဲ့သို့ လုပ်ဆောင်လာခြင်း ဖြစ်သည်။

တက်ကြွလှုပ်ရှားသူ ဘန်သွန်းသည် ယခင်က ဆေးခြောက်ရှုရသည်ကို နှစ်သက်သော ရဲတာဝန်ရှိသူဟောင်းတစ်ဦးလည်းဖြစ်ပြီး ဆေးခြောက်ဆီ ထုတ်လုပ်ရေးအတွက် အွန်လိုင်းမှတစ်ဆင့် သင်ယူကာ အိမ်တွင်းဓာတ်ခွဲခန်းတစ်ခန်းကို တည်ဆောက်ပြီး ထုတ်လုပ်လာခဲ့ခြင်း ဖြစ်သည်။

အိမ်နီးချင်းနိုင်ငံတစ်ခုမှ ဆေးခြောက်ကို ဘန်သွန်းက မှောင်ခိုတင်သွင်းကာ ၎င်း၏ အိမ်တွင်း ဓာတ်ခွဲခန်းမှနေ၍ ကင်ဆာကုထုံးဆေးတစ်ရပ်အဖြစ် ဆေးခြောက်ဆီအပြင် ဆေးခြောက်အဆီခဲ၊ ဆေးခြောက်သွားတိုက်ဆေးနှင့် ဆေးခြောက်ဆပ်ပြာတို့ကိုပါ ထုတ်လုပ်နေခြင်းပဲ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly