ရန်ကုန်၊ ဖေဖော်ဝါရီ ၅ ။ ။ ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ မိုင်ဒါကွင်းတွင် မနေ့က (ဖေဖော်ဝါရီ ၄ ရက်) နေ့လည်ပိုင်းက ကြွပ်ကြွပ်အိတ်ဖြင့်ထုပ်ထားသည့် ကျည်ဆန်များတွေ့ရှိခဲ့ကြောင်း သိရသည်။
“ သစ်ပင်အောက်မှာ ကကြွပ်ကြွပ်အိတ်နဲ့ ထုပ်ထားတာပေါ့။ တာဝန်သိသူတစ်ယောက်ကနေပြီး နီးစပ်ရာရဲကို လာအပ်တာဒါပါပဲ။ အချိန်ကမနေ့က ၂ နာရီလောက်ကပေါ့ကွာ “ ဟု အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးမှာ အတည်ပြုပြောသည်။
အဆိုပါကျည်ဆန်များတွေ့ရှိခြင်းကို ရန်ကုန်တိုင်းလွှတ်တော် ဥက္ကဋ္ဌ မှတစ်ဆင့် နယ်လုံဝန်ကြီးအားမေးမြန်းရာ မှန်ကန်ကြောင်း ဝန်ခံထားသည်ဟုလည်း ဒဂုံမြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကပြောသည်။
“ ကျည်ဆန်ကကျွန်တော်သိရတာက မှန်ကန်တိကျမှုတော့မရှိဘူး ၁၀၀ ကျော်ပေါ့။ ၁၁၆ တောင့်လောက်ရှိမယ်ဗျာ သတင်းရတာပေါ့နော် “ ဟု ဦးကျော်ဇေယျကပြောသည်။
ထို့ကြောင့် ရန်ကုန်တိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုးမှလည်း ဆက်လက်စုံစမ်းနေသည်ဟု ပြောကြားကြောင်း ၎င်းကဆက်လက်ဆိုသည်။
အဆိုပါ ကျည်ဆန်များတွေ့ရှိခဲ့သည့် ဖေဖော်ဝါရီ ၄ ရက်နေ့က မိုင်ဒါကွင်းတွင် ၈၈ မျိုးဆက် ဦးမင်းကိုနိုင်၏ ပြောဆိုဆောင်ရွက်ခဲ့မှုများ အပေါ် ရှုံ့ချကန့်ကွက်သည့် အနေဖြင့် လူဦးရေသောင်း ချီပါဝင်သော တပ်မတော်ထောက်ခံကြသူ များက ဆန့်ကျင်ရှုတ်ချပွဲအခမ်းအနား တစ်ရပ် ပြုလုပ်ခဲ့သေးသည်။
အခမ်းအနားကို တပ်မတော်ချစ်သူများအဖွဲ့က ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး မြန်မာ့တပ်မတော်၏ နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေး နှင့်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအပေါ် သပ်လျှိုသွေးခွဲနေသူများအား ဆန့်ကျင်ရှုတ်ချပွဲအမည်ဖြင့်ပြုလုပ်ခဲ့ခြင်းလည်းဖြစ်သည်။