ဟန်ဆန်ကိုဝေဖန်သည့်အမျိုးသမီး ကမ္ဘောဒီးယားသို့ ပြန်ပို့ခံရမည်ကို စိုးရိမ်ထိတ်လန့်

ဟန်ဆန်ကိုဝေဖန်သည့်အမျိုးသမီး ကမ္ဘောဒီးယားသို့ ပြန်ပို့ခံရမည်ကို စိုးရိမ်ထိတ်လန့်

 ဖေဖေါ်ဝါရီ ၄ ။           ။ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟန်ဆန်၏ ဆိုင်းဘုတ်ကြီးကို ဖိနပ်နှင့်ပစ်ပေါက်ခဲ့မှုကြောင့် တရားစွဲဆိုခံရမည့်ဘေးမှ ရှောင်ရှားနိုင်ရန်အတွက် ကမ္ဘောဒီးယားနိုင်ငံမှ ထွက်ပြေးလာခဲ့သော အမျိုးသမီးတစ်ဦးသည် ထိုင်းနိုင်ငံ၌အဖမ်း ခံခဲ့ရပြီး မိခင်နိုင်ငံရင်းသို့ ပြန်ပို့ခံရမည်ကို စိုးရိမ်ထိတ်လန့်နေကြောင်း ရှေ့နေများနှင့် လူ့အခွင့်အရေးအဖွဲ့များ က ပြောဆိုခဲ့ကြသည်။

ကမ္ဘောဒီးယားအလုပ်သမားအခွင့်အရေး တက်ကြွလှုပ်ရှားသူ ဆမ်ဆိုခါအမည်ရှိ ထိုအမျိုးသမီးသည် ဇန်နဝါရီ လအစောပိုင်းကတည်းက ဗီဇာသတ်မှတ်ရက်ထက် ကျော်လွန်နေထိုင်နေကြောင်း   တွေ့ရှိရသည့်အတွက် ထိုင်းတရားရုံးက သူမကို အပြစ်ရှိကြောင်း အမိန့်ချမှတ်ခဲ့သည်။ သို့သော်လည်း သူမသည် ကုလသမဂ္ဂအသိ အမှတ်ပြု ဒုက္ခသည်တစ်ဦးဖြစ်ကြောင်း သူမ၏   ရှေ့နေဖြစ်သူ ခေါရီယောမာနူချေးက ပြောခဲ့သည်။

ဆမ်ဆိုခါအား ဆိုင်းငံ့ပြစ်ဒဏ်နှင့် ငွေကြေးပြစ်ဒဏ်ချမှတ်ခဲ့ပြီး သူမအား ဘန်ကောက်မြို့ရှိ ဆွမ်ဖလူ လူဝင်မှု ကြီးကြပ်ရေး ထိန်းသိမ်းရေးစင်တာ၌ ထိန်းသိမ်းထားကြောင်း သိရသည်။ ဒါ့အပြင်သူမအား နိုင်ငံအတွင်းသို့ ပြန်လာရန် ကမ္ဘောဒီးယားတာဝန်ရှိသူများ၏ ဖိအားပေးမှုများကို ရင်ဆိုင်နေရသည်ဟု သူမ၏ရှေ့နေက ဆိုခဲ့ သည်။

“သူမကို ကမ္ဘောဒီးယားနိုင်ငံထဲပြန်ပို့လိုက်တာက သေမင်းဆီပို့လိုက်တာနဲ့အတူတူပါပဲ” ဟု သူမ၏ရှေ့နေက ဆိုခဲ့ပြီး ထု့ိအတွက် အလွန်စိုးရိမ်နေရကြောင်း ဖြည့်စွက်ပြောဆိုခဲ့သည်။

ထိုင်းနိုင်ငံအနေဖြင့် ဆမ်ဆိုခါအားထိန်းသိမ်းမှုသည် ဒုက္ခသည်အခွင့်အရေးကို ချိုးဖောက်နေခြင်းဖြစ်သည်ဟု အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုခဲ့သည်။

ဆမ်ဆိုခါသည် ပြီးခဲ့သောနှစ် ဧပြီလကတည်းက ဘန်ကောက်မြို့၌ နေထိုင်နေခဲ့ခြင်းဖြစ်သည်။ ကမ္ဘောဒီးယား မှ လက်ရှိအာဏာရပါတီ စီပီပီ ( ကမ္ဘောဒီးယားပြည်သူ့ပါတီ) ၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဟန်ဆန်၏ရုပ်ပုံပါ ကြော်ငြာဆိုင်းဘုတ်ကြီးအား ဖိနပ်တစ်ဖက်နှင့် ပစ်ပေါက်ခဲ့သည့် ဆမ်ဆိုခါ၏ ဗီဒီယိုဖိုင်သည် ဖေ့စ်ဘုတ်ပေါ်၌ ပျံ့နှံ့သွားပြီးနောက် ရဲများက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေစဉ်တွင် သူမ ထွက်ပြေးလာခဲ့ခြင်းဖြစ်သည်။ သူမသည် ဟန်ဆန်၏လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သော အမျိုးသားလွှတ်တော်ဥက္ကဌ ဟန်ဆမ်ရင်၏ဓာတ်ပုံကို လည်း နောက်ထပ်ဖိနပ်တစ်ဖက်ဖြင့် ပစ်ပေါက်ခဲ့သည်ကို ဗီဒီယိုဖိုင်ထဲ၌ မြင်တွေ့ခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags