နိုင်ငံတော်သစ္စာဖောက်မှုဖြင့် ရင်ဆိုင်နေရသူ ကမ္ဘောဒီးယားအတိုက်အခံခေါင်းဆောင်၏ အာမခံ ပယ်ချခံရ

နိုင်ငံတော်သစ္စာဖောက်မှုဖြင့် ရင်ဆိုင်နေရသူ ကမ္ဘောဒီးယားအတိုက်အခံခေါင်းဆောင်၏ အာမခံ ပယ်ချခံရ

ဖနွမ်းပင်၊ ဖေဖော်ဝါရီ ၁ ။          ။ နိုင်ငံတော်သစ္စာဖောက်မှုဖြင့် ရင်ဆိုင်နေရသော အတိုက်အခံ ကမ္ဘောဒီးယားအမျိုးသားကယ်တင်ရေးပါတီ CNRP ၏ ခေါင်းဆောင်၏ အာမခံကို တရားရုံးက ဖေဖော်ဝါရီ ၁ ရက်တွင် ပယ်ချလိုက်သည်။

လက်ရှိတွင် ဖျက်သိမ်းခံထားရသော CNRP ပါတီ၏ ခေါင်းဆောင် ကမ်ဆိုခါက ၂၀၁၇ စက်တင်ဘာ ၁၇ ရက်က ဖမ်းဆီးခံထားရခြင်း ဖြစ်ကာ ၎င်းအား စွဲဆိုသော နိုင်ငံတော်သစ္စာဖောက်မှုဖြင့်   ပြစ်ဒဏ်ချခံရပါက ထောင်ဒဏ် ၁၅ နှစ်မှ နှစ် ၃၀ အထိ ကျခံရနိုင်သည်။

“တရားရုံးက ကမ်ဆိုခါကို ဆက်လက်ဖမ်းဆီးထားဖို့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။”ဟု ၎င်း၏ သမီးဖြစ်သူ ဆာမာသီဒါကမ်က တွစ်တာတွင် ရေးသားသည်။

ဖနွမ်းပင် အယူခံတရားရုံးအပြင်ဖက်တွင် ကမ်ဆိုခါအား မြင်ခွင့်ရရေး ဆွေမျိုးများနှင့် ထောက်ခံသူများ အင်အားအနည်းအငယ်လည်း စုရုံးရောက်ရှိခဲ့သည်။ ကမ်ဆိုခါအနေဖြင့် ပြီးခဲ့သည့်နှစ် ဖမ်းဆီးခံရချိန်မှစကာ အကျဉ်းထောင်မှ အပြင်ထုတ်ခံရခြင်း မရှိသေးခြင်း ဖြစ်သည်။

ယခု စစ်ဆေးကြားနာမှုသို့ တရားရုံးအတွင်း ပြည်ပမီဒီယာများ၊ ကုလသမဂ္ဂတာဝန်ရှိသူများအား ဝင်ခွင့်မပေးဘဲ လုံခြုံရေးတင်းကြပ်ထူထဲစွာ ချထားသည်။

ဝန်ကြီးချုပ် ဟွန်ဆန်အား မကောင်းကြံရေးအတွက် အမေရိကန် နောက်ခံပြုမှုဖြင့် ဆွန်ခါသည် ပူးပေါင်းကြံစည်ကြောင်း စွပ်စွဲခံရခြင်းဖြစ်ကာ ၎င်းကမူ ငြင်းဆန်ထားသည်။

ရွေးကောက်ပွဲတွင် လူကြိုက်များရေး အမေရိကန်၏ အကြံပြုချက်ကို လက်ခံနေဟန် မြင်တွေ့ရသည့် ဆွန်ခါ၏ ဗီဒီယိုဖိုင် လူမှုမီဒီယာတွင် ထွက်ပေါ်ပြီးနောက် ယခုကဲ့သို့ စွပ်စွဲဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့်နှစ် ဇွန်လအတွင်း ဒေသဆိုင်ရာ ရွေးကောက်ပွဲများတွင် ဝန်ကြီးချုပ် ဟွန်ဆန်၏ ကမ္ဘောဒီးယားပြည်သူ့ပါတီ မဲအရနည်းခဲ့ပြီးနောက် ဟွန်ဆန်သည် အတိုက်အခံအပေါ် ပစ်မှတ်ထားလာခဲ့သည်။

အတိုက်အခံများကို တားဆီးပိတ်ပင်ခြင်း၊ လွတ်လပ်သောမီဒီယာများကို နှိပ်ကွပ်ခြင်းများအပြင် အမေရိကန် ဒီမိုကရေစီထောက်ခံသော အင်န်ဂျီအိုများကို နှင်ထုတ်ခြင်းများ လုပ်ဆောင်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly