တပို့တွဲလပြည့်နေ့ သြဝါဒပါတိမောက် အခါတော်နေ့အား ကမ္ဘောဒီးယားတွင် ပူဇော်ကျင်းပ

တပို့တွဲလပြည့်နေ့ သြဝါဒပါတိမောက် အခါတော်နေ့အား ကမ္ဘောဒီးယားတွင် ပူဇော်ကျင်းပ

ဖနွမ်းပင်၊ ဇန်နဝါရီ ၃၁ ။        ။ ကမ္ဘောဒီးယားနိုင်ငံတွင် ဗုဒ္ဓဘာသာ နေ့ထူးနေ့မြတ်ဖြစ်သော Meak Bochea (တပို့တွဲလပြည့် သြဝါဒပါတိမောက် အခါတော်နေ့)အား အောဒေါင်းအရပ်ရှိ ဘာသာရေးမြေနေရာတွင် ပြည်သူများ စုရုံးရောက်ရှိကာ ပူဇော်ကျင်းပသည်။

ဇန်နဝါရီ ၃၁ ရက် နံနက်အစောပိုင်းက စကာ ဗုဒ္ဓဘာသာသံဃာတော် အပါး ၃၀၀ ခန့်နှင့် နိုင်ငံရေးသမားတစ်ချို့အပါအဝင် ဗုဒ္ဓဘာသာဝင် ၁၅၀၀ ဝန်းကျင်က အောဒေါင်းတောင်ခြေတွင် စုရုံးကာ ကောင်းမှုကုသိုလ်ပြု ဝတ်ပြုပူဇော်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း အီးပီအေသတင်းက ဖော်ပြသည်။

ပူဇော်ရွတ်ဖတ်မှုများ ပြီးနောက် ဘာသာဝင်များက ဆွမ်းခဲဖွယ်သစ်သီးဝလံနှင့် ဝတ္တုငွေများကို သံဃာတော်အရှင်သူမြတ်များထံ ဆပ်ကပ်ကြသည်။

ထိုပူဇော်မှု ပြီးနောက် နေရပ်သို့ ပြန်ကြခြင်းဖြစ်ကာ အများစုမှာ အနီးအနား ကျေးရွာများမှ ဖြစ်ကြပြီး ကီလိုမီတာ ၄၀ နီးပါး ကွာဝေးသည့် ဖနွမ်းပင်သို့ ပြန်ကြရသူများလည်း ရှိသည်။

ဗုဒ္ဓဘာသာဂူပုထိုးကျောင်း တည်ရှိရာ တောင်တော်ရှိရာ အောဒေါင်းမြို့သည် ဘုရင့်နေပြည်တော်ဟောင်းဖြစ်ရုံသာမက ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ရှေးဟောင်းမြို့တော်လည်း ဖြစ်သည်။

ကမ္ဘောဒီးယားအခေါ် Meak Bochea ဆိုသည့် တပို့တွဲလပြည့်နေ့ သြဝါဒပါတိမောက် အခါတော်နေ့ကို ထိုင်း၊ မြန်မာ၊ လာအိုနှင့် သီရိလင်္ကာနိုင်ငံကဲ့သို့ ထေရဝါဒဗုဒ္ဓဘာသာ ကိုးကွယ်ကြသော အခြားအာရှနိုင်ငံများတွင် ကွဲပြားအမည်များဖြင့် ပူဇော်ကျင်းပကြသည်။

တပို့တွဲလပြည့်နေ့တွင် ကျရောက်သော သြဝါဒပါတိမောက် အခါတော်နေ့တွင် ပထမဆုံး သံဃာ့အစည်းအဝေး ဖြစ်ပေါ်ကာ ဘုရားရှင်က ဆုံးမသြဝါဒများ မြွတ်ကြားတော်မူသော အခါတော်နေ့ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly