စစ်တွေ၊ ဇန်နဝါရီလ ၃၀ ရက်။ ။ ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်အတွင်း မီးလောင်ကျွမ်းမှု ၁၂၁ ကြိမ်အထိရှိခဲ့ပြီး ယင်းမီးလောင်မှုကြောင့် ဆုံးရှုံးသည့်တန်ဖိုးမှာ ကျပ်သိန်းပေါင်း ၆၂၃၅ သိန်းကျော် အထိရှိခဲ့ကြောင်း ရခိုင်ပြည်နယ် မီးသတ်တပ်ဖွဲ့ ပြည်နယ်ညွန်ကြားရေးမှူး ဦးသော်တာက ပြောသည်။
ယင်းမီးလောင်ကျွမ်းမှုများမှာ မီးဖိုမီးကြောင့် ၂၈ ကြိမ်၊ ပေါ့ဆမီးကြောင့် ၃၅ ကြိမ်၊ အလိုအလျှောက် လောင်ကျွမ်းမီး ၂ ကြိမ်၊ လျှပ်စစ်မီးကြောင့် ၁၆ ကြိမ်၊ ရှို့မီးကြောင့် ၁၃ ကြိမ်၊ သောင်းကျန်းသူမီး ၂၆ ကြိမ်နှင့် မိုးကြိုးပစ်မီး ၁ ကြိမ် စုစုပေါင်း ၁၂၁ ကြိမ်အထိ လောင်ကျွမ်းခဲ့ခြင်းလည်း ဖြစ်သည်။
“ကျွန်တော်တို့ မီးသတ်တပ်ဖွဲ့က သတ်မှတ်ထားတာကတော့ ဓါတ်ဆီဆိုင်တွေဖွင့်မယ်ဆိုရင် အက်ကြိုးတွေ ပါရပါမယ်။ အဲဒီဆီဆိုင်မှာ ဓါတ်ဆီလာပို့တဲ့ ကားမှာလဲ အက်ကြိုးတွေကို မိအောင်ချိတ်ရပါမယ်။ အဲလိုတွေ သတ်မှတ်ထားပါတယ်။ အခုဒီမှာက ဖြစ်သလိုပဲ ဆိုင်ဖွင့်ထားပါတယ်။ မီးလောင်မှုတစ်ခုဖြစ်လာရင် အချိန်မှီ မီးငြိမ်းသတ်နိုင်အောင် ကျွန်တော်တို့ဖက်ကလည်း ပြင်ဆင်ထားပါတယ်။”ဟု ဦးသော်တာ ပြောသည်။
အဆိုပါမီးလောင်ကျွမ်းမှုများကြောင့် သေဆုံးသူ ၃ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၂၄ ဦးနှင့် မီးဘေး ဒုက္ခသည်ပေါင်း ၇၁၇ ဦးအထိရှိနေကြောင်းလည်း ပြည်နယ်မီးသတ်တပ်ဖွဲ့၏ စာရင်းမှတ်တမ်းတွင် ဖော်ပြထားသည်။
ပြီးခဲ့သည် ၂၀၁၆ ခုနှစ်အတွင်းတွင် မီးလောင်ကျွမ်းမှု ၉၂ ကြိမ်သာရှိခဲ့ပြီး ဆုံးရှုံးမှုတန်းဖိုးမှာ ကျပ်သိန်းပေါင်း ၂၄၄၅ သိန်းကျော်သာရှိခဲ့သော်လည်း ၂၀၁၇ ခုနှစ်တွင်မှု ဆုံးရှုံးမှုတန်းဖိုးမှာ ကျပ်သိန်းပေါင်း ၆၂၃၅ သိန်းကျော် အထိ မြင့်တက်လာခဲ့သည်။
၂၀၁၇ ခုနှစ် မတ်လ ၁၅ ရက်နေ့က ကျောက်တော်မြို့နယ် ပြည်တော်သာရပ်ကွက်ရှိ ဆီဆိုင်များ မီးလောင်ကျွမ်းမှုတွင် ငွေကျပ်သိန်းပေါင်း ၄၉၀၀ အထိဆုံးရှုံးသွားခဲ့ရခြင်းကြောင့် ၂၀၁၇ ခုနှစ် မီးလောင်ဆုံးရှုံးမှုတန်ဖိုးမှာ ယခင်နှစ်ထက် ပိုမိုမြင့်တက်ခဲ့ရခြင်းဟု ဦးသော်တာက ဆိုသည်။