မန္တလေး၊ဇန်နဝါရီ ၃၀ ။ ။ ပညာရေးအသုံးစရိတ် တိုးမြှင့်ပေးရေးနှင့် ကျောင်းထုတ်ခံထားရသည့် ကျောင်းသား/သူများ ကျောင်းပြန်တတ်ခွင့်ရရှိရေးတို့ အတွက်စစ်ကိုင်းပညာရေးတက္ကသိုလ်မှ ကျောင်းသားတစ်ချို့က စစ်ကိုင်းမြို့တွင် ဇန်နဝါရီလ ၃၀ ရက်၊နံနက်ပိုင်းက ဆန္ဒပြတောင်းဆိုခဲ့ကြသည်။
"ကျွန်တော်တို့ ကျောင်းသားတွေက ပညာရေးရဲ့ လိုအပ်ချက်ကိုတောင်းဆိုတာဖြစ်တယ်။ ကျွန်တော်တို့ ကျောင်းဆိုရင် အတော်လေးလိုအပ်ချက်တွေရှိနေတယ်။ ဒါကိုကျောင်းသားတွေက ကိုယ်ကျိုးစွန့်ပြီးတောင်းဆိုတယ်။ အဲ့ဒါကို ကျောင်းထုတ်တာ မဖြစ်သင့်ဘူး"ဟု စစ်ကိုင်းပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ပညာရေးတာဝန်ခံ ကိုဖြိုးသူကျော်ကပြောသည်။
မန္တလေးရတနာပုံတက္ကသိုလ်တွင် ကျောင်းသား၊ကျောင်းသူတစ်ချို့က ဇန်နဝါရီ ၂၂ ရက်မှစတင်၍ ပညာရေးအသုံးစရိတ်တိုးမြှင့်ပေးရေးအတွက် ဆန္ဒပြတောင်းဆိုခဲ့ရာ ဇန်နဝါရီလ ၂၅ ရက်၊နံနက်ပိုင်းတွင် သက်ဆိုင်ရာကထိမ်းသိမ်း၍ မိဘများထံပြန်အပ်ခဲ့ပြီး ပါဝင်ခဲ့သူအချို့ကို ပညာသင်ခွင့် ရပ်ဆဲခဲ့သည်။
ရတနာပုံတက္ကသိုလ်မှ ၁၂ဦး၊ ရမည်းသင်းနည်းပညာတက္ကသိုလ်မှ ၁၁ဦး၊ မိတ္ထီလာနည်းပညာတက္ကသိုလ်မှ၁ဦး၊ မိတ္ထီလာစီးပွားရေးတက္ကသိုလ်မှ၆ဦး၊ မိုးညှင်းဒီဂရီကောလိပ်မှ၄ဦး၊ စစ်ကိုင်းပညာရေးတက္ကသိုလ်မှ၃ဦးနှင့် မိတ္ထီလာတက္ကသိုလ်မှ၉ဦးအပြင် ရတနာပုံတက္ကသိုလ်မှ ကျောင်းမအပ်ရသေးသည့် ကျောင်းသား၊သူ၂ဦးကိုလည်း ပညာသင်ကြားခွင့်ရပ်စဲခဲ့သောကြောင့် လက်ရှိအချိန်ထိ စုစုပေါင်း ၄၈ဦးအထိ ပညာသင်ခွင့်ရပ်စဲခံထားရကြောင်းသိရသည်။
စစ်ကိုင်းဆန္ဒပြကျောင်းသားများက ပညာရေးအသုံးစရိတ်တိုးမြင့်ပေးရေးနှင့်ပညာသင်ခွင့်ရပ်ဆဲ ခံထားရသူများ ကျောင်းပြန်လည်တက်ခွင့်ရရှိတို့ကို ဆက်လက်တောင်ဆိုသွားမည်ဟုဆိုသည်။