ပညာရေးတောင်းဆိုချက် (၁၁) ချက်ရရှိရေး လှုပ်ရှားမှုများပြန်လည်ပြုလုပ်သွားမည်ဟု ဗကသ ဆို

ပညာရေးတောင်းဆိုချက် (၁၁) ချက်ရရှိရေး လှုပ်ရှားမှုများပြန်လည်ပြုလုပ်သွားမည်ဟု ဗကသ ဆို

ရန်ကုန်၊ ဇန်နဝါရီ ၂၉ ။                        ။ ဒီမိုကရေစီပညာရေးအတွက် တောင်းဆိုချက် (၁၁) ချက်ရရှိရေးကိုတောင်းဆိုသည့်လှုပ်ရှားမှုများ ပြန်လည်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂအဖွဲ့ချုပ် (ဗကသ) တာဝန်ရှိသူများကပြောဆိုလိုက်သည်။

ယနေ့ (ဇန်နဝါရီ ၂၉ ရက်) ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ ရွှေသိမ် ဓမ္မသိဂီၤကျောင်းတိုက်တွင် ပြုလုပ်ခဲ့သည့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား များသမဂ္ဂအဖွဲ့ချုပ်၏ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

" ကျွန်မတို့ ဗကသ ကနေပြီးတော့ ဆက်ပြီးလုပ်ဆောင်သွားရမယ့် အရာတွေရှိပါတယ်။ အဲ့တာက ၁၁ ချက်နဲ့ပက်သက်ပြီးတော့ လုပ်ဆောင်သွားမှာပါ။ ကျောင်းထဲမှာ လှုပ်ရှားမှုတွေပြန်ပြီးလုပ်ဖြစ်တယ်။ လုပ်ဖြစ်မယ် " ဟု ဗကသ အတွင်းရေးမှူုး (၃) မရွှေရည်က ပြောသည်။

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ သမဂ္ဂအဖွဲ့ချုပ်အနေဖြင့် တောင်းဆိုချက် (၁၁) ချက်ကိုဆွေးနွေးရန် အစိုးရထံတောင်းဆိုထားသည့်အပြင် အစိုးရ၏ ပညာကဏ္ဍ လုပ်ဆောင်ချက်များကိုလည်း   စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ထို့အပြင် ပညာရေးဘတ်ဂျက်ထပ်တိုးတောင်းဆိုသောကြောင့် ကျောင်းထုတ်ခံထားရသည့် ဆန္ဒပြကျောင်းသားများကို ကျောင်းပြန်တတ်ခွင့်ပေးရန်နှင့် ဒီမိုကရေစီစံနူန်းဖြင့် မကိုင်ညီသည့်   ကျောင်းစည်းကမ်းအချို့ကို ပြန်ပြင်ဆင်ပေးရန်လည်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား များသမဂ္ဂအဖွဲ့ချုပ် ကိုယ်စား ဗကသ အတွင်းရေးမှူး ကိုကောင်းထက်ကျော်က တောင်းဆိုလိုက်သည်။

" တာဝန်ခံမှုပေါ့။ ကျွန်တော်တို့တောင်းဆိုထားတယ်။ တွေ့ဆုံဖို့တောင်းဆိုထားတယ်။ တွေ့ဆုံပြီး ပညာရေးတောင်းဆိုချက် (၁၁) ချက်ကို သူတို့အနေနဲ့ အမြန်ဆုံးဖြေရှင်းဖို့ ကျွန်တော်တို့နဲ့ ညှိနှိုင်းဖိုလိုအပ်ပါတယ်။ အဲ့လိုမှမဟုတ်ရင် မလိုလားအပ်တဲ့လှုပ်ရှားမှုတွေ ကျွန်တော်တို့တွေ နည်းလမ်းမျိုးစုံနဲ့လုပ် သွား ရတဲ့အဆင့်ထိကိုရောက်သွားပါမယ်။ ကျွန်တော်တို့လည်း ဒါ  ဒေါ်အောင်ဆန်းစုကြည်ပြောနေကျ စကားလိုပဲ ဆွေးနွေးဝိုင်း၊ စကားဝိုင်းတွေနဲ့ပဲ ကျွန်တော်တို့သွားချင်ပါတယ်။ ဒါပေမယ့် အစိုးရက ဆက်ပြီးတော့ ရေငုံ နှုတ်ပိတ်နေမယ်။ ဆက်ပြီးတော့ ဒီတိုင်းပဲလုပ်မယ်ဆိုရင်တော့ ကျွန်တော်တို့ နည်းလမ်းအတိုင်း တုန့်ပြန်သွားရမယ် " ဟု ၎င်းကပြောဆိုသည်။

ဗကသ အနေဖြင့် ပညာရေး တောင်းဆိုချက် (၁၁) အတွက်လှုပ်ရှားမှုများနှင့်ပက်သက်ပြီး အလျဉ်းသင့်သလို ဆွေးနွေးပွဲ၊ အစည်းအဝေးများ ပြုသွားမည် ဖြစ်ပြီး ကျောင်းသားပြည်သူ၏ လှုပ်ရှားမှုသည် အစိုးရ၏လုပ်ဆောင်ချက်များအပေါ်မူတည်၍ လိုအပ်သလို အရှိန်အဟုတ်မြင့်သွားမည်ဟုလည်း ဆိုသည်။

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား များသမဂ္ဂအဖွဲ့ချုပ် (ဗကသ) သည် သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၅ ခုနှစ်တွင် အဆိုပါ ပညာေ၊ရးတောင်းဆိုချက် (၁၁) ကိုစတင် သပိတ်မှောက်တောင်းဆိုခဲ့သည်။

 သို့သော် အစိုးရ၏ဖြိုခွင်းမှုကြောင့် ပင်မသပိတ်ကြောင်းသည် လက်ပံတန်းမြို့တွင်ပြိုကွဲခဲ့ကာ ကျောင်းသားပြည်သူ (၁၀၀) ကျော် ဖမ်းဆီးထောင် ချခံခဲ့ရကြောင်း ဗကသ ၏ယနေ့ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

လက်ရှိအစိုးရသည်လည်း ယခင်အစိုးရမှ အတည်ပြုရေးဆွဲးထားသော အမျိုးသားပညရေးဥပဒေကိုသာ အသက်သွင်းနေပြီး ပညာရေးသပိတ်မှ တောင်းဆိုချက်များကို လျစ်လျူရှှုထားသောကြောင့် ယခုလိုထပ်မံတောင်းဆိုရခြင်းဖြစ်ကြောင်း အဆိုပါထုတ်ပြန်စာတွင် ဖေါ်ပြထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required