အီရန်ရှိ ဗြိတိန်သံရုံးကို လေးနှစ်ကြာမျှ ပိတ်ထားခဲ့ရာမှ မကြာမီ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်သည်။
သံရုံးဖွင့်ပွဲ အခမ်းအနားသို့ စီးပွားရေးခေါင်းဆောင်များ ကိုယ်စားလှယ်အဖွဲ့နှင့်အတူ နိုင်ငံခြားရေးအတွင်းဝန် ဖိလစ်ဟမ်မွန်လည်း တက်ရောက်မည်ဖြစ်သည်။ တစ်ပြိုင်တည်းပင် လန်ဒန်တွင်လည်း အီရန်သံရုံးအား ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်သည်။
၂၀၁၁ ခုနှစ်အတွင်းက ဒဏ်ခတ်ပိတ်ဆို့မှုများနှင့် ပတ်သက်ပြီး အီရန်တွင် ဆန့်ကျင်ဆန္ဒပြမှုဖြစ်ပွားရာ ဆန္ဒပြသူများက ဗြိတိန်သံရုံးအား ဝင်စီးချိန်မှစကာ နောက်ပိုင်းသံရုံးအား ပိတ်ထားခဲ့ရခြင်းဖြစ်သည်။
နိုင်ငံခြားရေးအတွင်းဝန် ဖိလစ်ဟမ်မွန်သည် ၂၀၀၃ ခုနှစ်နောက်ပိုင်း အီရန်သို့ ရောက်ရှိသည့် ပထမဆုံး ဗြိတိန်နိုင်ငံခြားရေး အတွင်းဝန်ဖြစ်လာမည်ဖြစ်သည်။
ယခုဖြစ်ရပ်သည် နျူကလီးယားစီမံကိန်းနှင့် ပတ်သက်ပြီး အင်အားကြီးခြောက်နိုင်ငံနှင့် အီရန်တို့ သဘောတူညီမှု ရရှိပြီးနောက်တွင် ယခုကဲ့သို့ ဗြိတိန်အတွင်းဝန်ကိုယ်တိုင် လာရောက်လည်ပတ်ခြင်း ဖြစ်သည်။
Ref: BBC