နာမည်ကျော်ဗြိတိန်မင်းသား ဘန်နက်ဒစ်ကမ်ဘာဘတ်ချ်သည် သူငယ်စဉ်က ပညာများလေ့လာဆည်းပူးခဲ့ရ သည့် လန်ဒန်အနုပညာပြဇာတ်ကျောင်း၏ ဥက္ကဌတစ်ဦး ဖြစ်လာတော့မည်ဖြစ်သည်။
ရှားလော့ခ်ဇာတ်ကောင်အပါအဝင် အခြားနာမည်ကျော်ဇာတ်ကားများနှင့် လူသိများလှသည့် မင်းသားဖြစ်သူ သည် လန်ဒန်ပြဇာတ်နှင့်ဂီတအကယ်ဒမီ (Lamda) ၏ လက်ရှိဥက္ကဌဖြစ်သူ တီမိုသီဝက်စ်၏ အရိုက်အရာအား ဆက်ခံမည်ဟု သိရသည်။ ကမ်ဘာဘတ်ချ်သည် အဆိုပါကျောင်းမှ လွန်ခဲ့သော ၂၀၀၀ ခုနှစ်က ကျောင်းပြီးခဲ့ သူဖြစ်သည်။
ကမ်ဘာဘတ်ချ်က “နောက်ထပ် မင်းသားသစ်များ၊ ဒါရိုက်တာသစ်များနဲ့ နည်းပညာရှင် မျိုးဆက်အသစ်တွေကို စောင့်ကြည့်ရတော့မှာဖြစ်တာကြောင့် တကယ့်ကိုဂုဏ်ယူရပါတယ်” ဟု ပြောခဲ့သည်။
Lamda ကျောင်း၏ ဥက္ကဌအဖြစ် ၃၁ နှစ်ကြာအောင် တာဝန်ယူခဲ့သည့် တီမိုသီဝက်စ်က ကမ်ဘာဘတ်ချ်ကို ရာထူးခန့်အပ်မှုနှင့်ပက်သက်၍ လက်ခံကြိုဆိုခဲ့သည်။
“Lamda ရဲ့ ဥက္ကဌအသစ်ဟာ ကျနော့်တို့ရဲ့အနုပညာလုပ်ငန်းနဲ့ပက်သက်လို့ ထင်ရှားပြီး သြဇာလွှမ်းမိုးနိုင်တဲ့ အလားအလာကောင်းတွေရှိပါတယ်။ ဘန်နက်ဒစ်ကမ်ဘာဘတ်ချ်ဟာ ဒီရာထူးကို လက်ခံလိုက်တယ်လို့ ကျနော်ကြားသိလိုက်ရချိန်မှာ အတိုင်းထက်အလွန်ကြည်နူးမိပါတယ်” ဟု တီမိုသီဝက်စ်က ဆိုခဲ့သည်။
လန်ဒန်မြို့တွင်အခြေစိုက်သည့် Lamda ကျောင်းသည် ဗြိတိန်၏ သက်တမ်းအရှည်ဆုံး အနုပညာပြဇာတ် ကျောင်းတစ်ခုဖြစ်ပြီး နာမည်ကျော်အနုပညာရှင်များစွာကို မွေးထုတ်ပေးနိုင်ခဲ့သည်။
Ref: BBC