ရန်ကုန် ၊ ဇန်နဝါရီ ၁၇ ။ ။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် ၂၀၁၈ ခုနှစ်တွင် ကျင်းပမည်ဖြစ်သည့် ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်သွားရန် မူအားဖြင့် ဆုံးဖြတ်ထားသည်ဟု ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က အတည်ပြုပြောဆိုသည်။
"ပါတီအနေနဲ့ ရွေးကောက်ပွဲဝင်ဖို့ မူအားဖြင့် ဝင်ပြိုင်မှာပါ။ ကျင်းပမယ့် နေ့ရက်အချိန် အတိအကျသိရင် ဘယ်နေရာဝင်မယ် မဝင်ဘူးဆိုတာတော့ ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေးကျမှပဲ ဆုံးဖြတ်သွားပါမယ်" ဟု ဒေါက်တာနန္ဒာလှမြင့်က ဆိုသည်။
ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ဝင်ပြိုင်မည့် ကိုယ်စားလှယ်များကို ရွေးချယ်ရာတွင် ဗဟိုမှ ရွေးချယ်သွားမည်မဟုတ်ဘဲ သက်ဆိုင်ရာမြို့နယ်အောက်ခြေမှ ရွေးချယ်ပေးသူများကိုသာ ကိုယ်စားလှယ်အဖြစ် တာဝန်ပေးသွားမည်ဟု သိရသည်။
လက်ရှိအချိန်တွင် လစ်လပ်မဲဆန္ဒနယ်များသည် ချင်းပြည်နယ် မတူပီမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)၊ မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)၊ ရခိုင်ပြည်နယ် ရသေ့တောင် မဲဆန္ဒနယ် အမှတ်(၂)၊ မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်မဲဆန္ဒနယ်အမှတ်(၂) နှင့် စစ်ကိုင်းတိုင်းဒေသကြီး တမူး မဲဆန္ဒနယ် အမှတ်(၂)တို့တွင် တိုင်းနှင့်ပြည်နယ်လွှတ်တော်များ အတွက် မဲဆန္ဒနယ်(၆)ခု လစ်လပ်နေသည်။
ထို့ပြင် ကန်ပက်လက်မြို့နယ်နှင့် လဲချားမြို့နယ်များအတွက် လစ်လပ်လျက်ရှိသော ပြည်သူ့လွှတ်တော် နှစ်နေရာအတွက်လည်း ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည် ဖြစ်သည်။
အလားတူ ယမန့်နေ့ ဇန်နဝါရီလ ၁၆ ရက်နေ့က ကွယ်လွန်သွားသည့် မန္တလေးတိုင်းမှ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းကျော်ဇော်၏ မဲဆန္ဒနယ်တွင်လည်း ကြားဖြတ်ရွေးကောက်ပွဲကျင်းပနိုင်ခြေရှိသည်။
ပြီးခဲ့သည့် နှစ် ဧပြီလ ၁ ရက်နေ့က ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာအတွက် ကျင်းပပြုလုပ်ခဲ့ပြီး NLD ပါတီမှ ၁၀ နေရာ၊ SNLD က ၆ နေရာ၊ USDP၊ ရခိုင်အမျိုးသားပါတီနှင့် လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ (ကယားပြည်နယ်)တို့မှ တစ်နေရာစီ အနိုင်ရရှိခဲ့သည်။