ရန်ကုန်၊ ဇန်နဝါရီ ၁၁ ။ ။ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးကျော်မင်းစံ နှင့် စည်ပင်သာယာရေး ဝန်ကြီး ဦးမောင်မောင်လွင်တို့နှစ်ဦး တိုင်းဒေသကြီးဝန်ကြီးအဖြစ်မှ နှုတ်ထွက်စာထားသည်ဟု ကာယကံရှင်ဖြစ်သူ ဦးကျော်မင်းစံက မဇ္ဈိမသို့ အတည်ပြုပြောဆိုသည်။
"ဟုတ်ပါတယ်။ ကျွန်တော်အပြင် စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်လွင်ပါတယ်" ဟု ဦးကျော်မင်းစံက ဆိုသည်။
နိုင်ငံရေးအကြောင်းပြချက်ဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ တိုင်းတာဝန်ခံမှ တစ်ဆင့် နှုတ်ထွက်ခိုင်းခဲ့ခြင်းဖြစ်ပြီး ယမန်နေ့ ဇန်နဝါရီ ၁၀ ရက်နေ့ ညနေပိုင်းက နှုတ်ထွက်စာတင်ခဲ့ခြင်းဖြစ်သည်ဟု ဦးကျော်မင်းစံ၏ ပြောဆိုချက်အရ သိရသည်။
လက်ရှိအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် မန်းဂျော်နီ ၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတ နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီး ဦးဘဟိန်း ၊ မကွေးတိုင်းဒေသကြီးမှ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဝန်ကြီး ဦးစိုးမြင့်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဦးနေမျိုးကျော်တို့ နှုတ်ထွက်ပြီး ဖြစ်သည်။