ဒီဇင်ဘာ ၂၇၊ ရန်ကုန်။ ။ ထိုင်းလိဂ်-၂ကလပ် ဆာမက်ဆခွန်အသင်းသည် မြန်မာ့လက်ရွေးစင်တိုက်စစ်မှူးဟောင်း ကောင်းဆက်နိုင်ကို ၂၀၁၈ဘောလုံးရာသီအတွက် တစ်နှစ်စာချုပ်ဖြင့်ခေါ်ယူခဲ့သည်။
ကောင်းဆက်နိုင်မှာ ၂၀၁၆ ဆူဇူကီးဖလားပြိုင်ပွဲမတိုင်မီကလည်း ဆာမက်ဆခွန်အသင်းတွင် တစ်နှစ်အငှားစာချုပ်ဖြင့်သွားရောက်ကစားခဲ့ဖူးပြီး အသင်းဟောင်း၏ ပြန်လည်ခေါ်ယူမှုကြောင့် ပြောင်းရွှေ့ဖြစ်ခဲ့ခြင်းဖြစ်သည်။ မိသားစုဆန်တဲ့အသင်းပိုင်ရှင်၊ ဖော်ရွေပြီးကျွန်တော့်ကိုအားပေးတဲ့ ကစားဖော်တွေနဲ့ ပရိသတ်တွေကြောင့် ဆာမက်ဆာခွန်အသင်းမှာပြန်ကစားဖို့ ဆုံးဖြတ်ခဲ့တာပါ။
အသင်းပိုင်ရှင်က ကမ်းလှမ်းခဲ့တာဖြစ်ပြီး ကျွန်တော်ကိုယ်တိုင်လည်းဒီမြို့လေးနဲ့အသင်းကိုချစ်ပါတယ်။ လာမယ့်နှစ်မှာ ဆာမက်ဆခွန်အသင်းက လိဂ်-၂မှာကစားရမှာဆိုတော့ ကျွန်တော့်အနေနဲ့ လိဂ်-၁ကိုတက်ရောက်နိုင်ဖို့အသင်းနဲ့အတူပူးပေါင်းဆောင်ရွက်သွားမှာပါ။ ဟု ကောင်းဆက်နိုင်က ပြောသည်။
ဆာမက်ဆာခွန်အသင်းမှာ ၂၀၁၆ ဘောလုံးရာသီမှစတင်ပြီး မြန်မာကစားသမားများကို အငှားခေါ်ယူလေ့ရှိပြီး ၂၀၁၇ဘောလုံးရာသီက ရတနာပုံတက်စစ်မှူး ရှိုင်းသူရကို ခြောက်လအငှားစာချုပ်ဖြင့် ခေါ်ယူခဲ့ဖူးသည်။ လာမည့်နှစ်ဘောလုံးရာသီတွင် ထိုင်းလိဂ်ပြိုင်ပွဲများ၌ အာဆီယံကစားသမားတစ်ဦးခေါ်ယူရမည့်စည်းမျဉ်း ချမှတ်ထားပြီး ကောင်းဆက်နိုင်အပြင် မြန်မာကစားသမားများဖြစ်သော အောင်သူ(ပူးလစ်တယ်ရိုအက်ဖ်စီ၊ လိဂ်-၁)၊ ကျော်ကိုကို (ချင်းရွိုင်ယူနိုက်တက်၊ လိဂ်-၁)၊ ကျော်ဖြိုးဝေ(ဖူးခက်အက်ဖ်စီ၊ လိဂ်-၃)၊ ဝင်းလှိုင်ဦး(ရနောင်းယူနိုက်တက်၊ လိဂ်-၃)၊ တို့ ထိုင်းလိဂ်တွင် ကစားမည်ဖြစ်သည်။