ဒီဇင်ဘာ ၂၆၊ အင်္ဂလန် ။ ။ ပထမနှစ်ဝက်ပြီးဆုံးသွားချိန်တွင် နည်းပြဂွါဒီယိုလာ၏မန်စီးတီးအသင်းသည် စံချိန်ကောင်းများစွာကို ရရှိခဲ့သည်။
မန်စီးတီးအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် ၁၉ ပွဲ ကစားပြီးချိန်တွင် ၆၆ ဂိုးအထိသွင်းယူပြီး ၁၂ ဂိုးသာ ပြန်ပေးခဲ့ရကာ ရမှတ် ၅၅ မှတ်အထိ ရခဲ့သည်။ ထို့ကြောင့် အင်္ဂလန်တွင်သာမက ဥရောပထိပ်တန်းလိဂ် ၅ ခုတွင်ပါ ခံစစ်၊ တိုက်စစ်အကောင်းဆုံးအသင်းအဖြစ် ရပ်တည်ခဲ့သည်။
၂၀၁၇ ခုနှစ်အတွင်း ဂိုးပေါင်း ၁၀၀ သွင်းယူနိုင်ခဲ့သည့်အတွက်ကြောင့်လည်း ၁၉၈၂ ခုနှစ်က ၁၀၆ ဂိုးသွင်းနိုင်ခဲ့သည့် လီဗာပူးလ်ပြီးနောက် အင်္ဂလန်တွင် ပြက္ခဒိန်နှစ်တစ်နှစ်အတွင်း ဂိုး ၁၀၀ သွင်းနိုင်သည့် ပထမဆုံးအသင်းလည်း ဖြစ်လာခဲ့သည်။ မန်စီးတီးအသင်းသည် ပရီးမီးယားလိဂ်တွင် ဂိုးပေါက်ကန်သွင်းမှုအများဆုံးအသင်း၊ ဘောလုံးပိုင်ဆိုင်မှုအများဆုံးအသင်း၊ ဘောလုံးပေးပို့မှုအများဆုံးအသင်း စသည့် စံချိန်ကောင်းများကိုလည်း ရရှိခဲ့သည်။
မန်ယူအသင်းမှာမူ ပရီးမီးယားလိဂ်ထိပ်သီးခြောက်သင်းတွင် ဂိုးပေါက်ကန်သွင်းမှုအနည်းဆုံးဖြစ်သော်လည်း ရရှိလာသည့် အခွင့်အရေးကောင်းများကို အသုံးချနိုင်မှုတွင် အကောင်းဆုံးအသင်းအဖြစ် ရပ်တည်ခဲ့သည်။
လီဗာပူးလ်အသင်းမှာ တန်ပြန်တိုက်စစ်အကောင်းဆုံးအသင်း၊ ချယ်လ်ဆီးမှာ ဘောလုံးလုယူမှုအကောင်းဆုံးအသင်းအဖြစ် ရပ်တည်ခဲ့ပြီး အာဆင်နယ်အသင်းမှာမူ ကိုယ့်အသင်း၏အမှားကြောင့် ဂိုးပေါးရသည့် အများဆုံးအသင်းအဖြစ် ရပ်တည်ခဲ့သည်။
ရည်ညွှန်း ဒေးလီးမေးလ်