လေကြမ်းတိုက်မှုကြောင့် မျောပါသွားသော ကျားဖောင်များအနက် ၁၉ ဖောင်နှင့် လူ ၄၈ ဦး ပျောက်ဆုံးနေဆဲဖြစ်

လေကြမ်းတိုက်မှုကြောင့် မျောပါသွားသော ကျားဖောင်များအနက် ၁၉ ဖောင်နှင့် လူ ၄၈ ဦး ပျောက်ဆုံးနေဆဲဖြစ်
ငပုတောမြို့နယ်၊ဂေါ်ရင်ဂျီကျွန်းအားတွေ့ရစဉ်။

ပုသိမ်၊ ဒီဇင်ဘာ ၂၄ ။           ။ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ် အမာမြို့တွင် လေကြမ်းတိုက်ခတ်ပြီး ပင်လယ်ထဲသို့ မျောပါခဲ့သည့် ကျားဖောင်များအနက် ၁၉ ဖောင် ကျန်ရှိနေပြီး လူ ၄၈ ယောက် ပျောက်ဆုံးနေကြောင်း ဖျာပုံမြို့နယ်၊ တိုင်းဒေသကြီးကိုယ်စားလှယ် ဦးဇေယျာမင်းသိန်းက ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ပြောသည်။

“ဒီနေ ့အထိတော့ ကျားဖောင် ၁၉ ဖောင်နဲ ့လူ ၄၈ ယောက် ကျန်သေးတယ်၊ အရင် ဖြစ်ဖူးတယ်၊ ကျားဖောင် လုပ်သားတွေက ပိုက်ဆံကြိုယူထားတယ်။ တချို့လည်း ပြန်လာတယ်။ တချို့မလာတော့ဘူး၊ ဒါက ဖြစ်လေ့ဖြစ်ထ ရှိတယ်ပဲ ပြောရမှာ။  အခု ဆက်လက်ရှာဖွေမှုတွေကိုလုပ်နေပါတယ်”ဟု ဖျာပုံမြို့နယ်၊ တိုုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇေယျာမင်းသိန်းက မဇ္စျိမသို ့ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၉ ရက်နေ ့နှင့် ၂၀ရက်နေ ့များတွင် ဖျာပုံမြို့နယ်၊ အမာမြို့ ပင်လယ်တွင် လုပ်ကိုင်နေ သည့် ကျားဖောင် ၈၆ ဖောင်မှာ ပင်လယ်သို့ မျောပါပြီး၊ ကျားဖောင်များရှိ  လူ၂၅၈ ဦး ပင်လယ်ထဲ မျောပါခဲ့ခြင်း ဖြစ်သည်။

 ယနေ့ ဒီဇင်ဘာလ ၂၄ရက်နေ့အထိ ပြန်လည် ဆယ်ယူရရှိသည့် ကျားဖောင် ၅၄ ဖောင် ရှိပြီး၊ပျက်စီးခဲ့သည့် ကျားဖောင် ၁၅ ဖောင်နှင့် ရှာဖွေဆဲ ကျားဖောင် ၁၉ ဖောင်၊ လူဦးရေ ၄၈ ယောက် ပျောက်ဆုံးနေကြောင်း သိရှိရသည်။

“ အခုမနက်အထိ ပင်လယ်ထဲသို ့မျောပါတဲ့ ကျားဖောင်တွေကို ဆက်ရှာဖွေနေတယ်။ ကျားဖောင်နဲ့အတူတူ လူက ၅၀လောက်တော့ မတွေ ့သေးဘူး၊ တချို့က ကမ်းဘက်ကို ကပ်နေနိုင်တယ်။ လေတိုက်တဲ့ သဘောအရ၊ အခု လိုက်လံရှာဖွေမှုတွေတော့ လုပ်နေတယ်၊ အမာအုပ်ချုပ်ရေးမှူးအဖွဲ ့တွေကော ရေလုပ်ငန်းရှင်တွေရော လိုက်တော့ရှာနေတယ်”ဟု ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ ့မှူးရုံး၊ ဒုတိယရဲမှူးကြီး ခင်မောင်လတ်က ဒီဇင်ဘာလ ၂၄ရက်နေ့အထိ အခြေအနေအား မဇ္စျိမသို ့ပြောသည်။

ကျားဖောင်များမှာ ဖျာပုံမြိုနယ်မှ လုပ်ငန်းရှင် ၁၁ ဦး ပိုင်ဆိုင်သည့် ကျားဖောင်များဖြစ်ပြီး ၊ဒီဇင်ဘာလ ၂၄ ရက်နေ့ အထိ လူ၂၁၀ ဦး ကို ပြန်လည်ရှာဖွေကယ်ဆယ်ထားကြောင်း သိရသည်။

 ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ အမာမြို ့ ပင်လယ်ပြင်တွင် ပုဇွန်ရှာဖွေသော ကျားဖောင်လုပ်ငန်းများ လုပ်ကိုင်သည့်နေရာဖြစ်ပြီး၊ ကျားဖောင်တစ်ဖောင်တွင် လူ ၃ ဦး လိုက်ပါကြပြီး ပင်လယ်ပြင် လေကြမ်း တိုက်ခတ်မှုများလျှင် ကျားဖောင်များ ပင်လယ်သို့ မျောပါတတ်သဖြင့် မျောပါရေလုပ်သားအချို့ အိန္ဒိယနိုင်ငံတွင် အဖမ်းခံရမှုများ ဖြစ်ခဲ့ပြီး၊ပြန်လည်ခေါ်ယူခဲ့ရမှုများလည်း ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly