ဂျကာတာမြို့တော် မြေအောက် နိိမ့်ဝင်လာခြင်းကြောင့် မြို့တော်သစ် ရွှေ့ပြောင်းရန် အင်ဒိုနီးရှား ကြေညာ

ဂျကာတာမြို့တော် မြေအောက် နိိမ့်ဝင်လာခြင်းကြောင့် မြို့တော်သစ် ရွှေ့ပြောင်းရန် အင်ဒိုနီးရှား ကြေညာ

ဂျကာတာ၊ ဒီဇင်ဘာ ၂၃ ။          ။ အင်ဒိုနီးရှားနိုင်ငံ၏ ဂျကာတာမြို့တော်သည် လူဦးရေ ထူထပ်ခြင်းနှင့် မြို့တော်၏ အချို့နေရာများမှာ မြေအောက် စင်တီမီတာ ၂၀ (၇ ဒဿမ ၉ လက်မ) အထိ နစ်ဝင်လာခြင်းကြောင့် အခြားမြို့တစ်မြို့သို့ မြို့တော်သစ်အဖြစ် ယခုလအတွင်း အပြီးသတ်ပြောင်းရွှေ့မည့် စီမံချက်ကို အင်ဒိုနီးရှားက ကြေညာလိုက်သည်။

ပြောင်းရွှေ့မည့် မြို့တော်သစ်ကို ယခုအထိ ထုတ်ပြန်ခြင်း မရှိသေးပေ။ နောင်လာမည့် မြို့တော်သစ်အဖြစ် သမ္မတ ဂျိုကိုဝီဒိုဒိုအား တင်ပြနိုင်ရေး မြို့အသီးသီးကို တွက်ချင့်စစ်ဆေးလျက်ရှိကြောင်း အမျိုးသား ဖွံ့ဖြိုးမှုစီမံကိန်း ဝန်ကြီးဌာန ဝန်ကြီး ဘမ်ဘန်းဘရော့ဒ်ဂျိုနီဂိုရိုက ဒီဇင်ဘာအစောပိုင်းက ပြောထားသည်။

သမ္မတထံ တင်ပြမည့် အစီရင်ခံစာတွင် တည်နေရာ၊ ဘဏ္ဍာရေးစီမံချက်များနှင့် ခန့်မှန်းလိုအပ်ချက်များ ပါဝင်မည်ဖြစ်သော်လည်း မြို့တော်၏ အဆင်အပြင်ဒီဇိုင်းပုံကြမ်း မပါရှိကြောင်း ဘမ်ဘန်းက ဆိုသည်။

မြို့တော်အဖြစ် သတ်မှတ်အတည်ပြုရန် စာရင်းသွင်းကာ စဉ်းစားသုံးသပ်နေသော မြို့အမည်များကို ထုတ်ဖော်ပြောရန် ဘမ်ဘန်းက ငြင်းဆိုသော်လည်း ပြည်သူ့လုပ်အားဝန်ကြီးဌာန ဝန်ကြီး ဘာဆူကီက ဘော်နီယိုကျွန်းရှိ ပြည်နယ်သုံးပြည်နယ်မှ မြို့များကို စဉ်းစားသုံးသပ်နေကြောင်း ဇူလိုင်လအတွင်းက ပြောထားသည်။

ယခုနှစ်အတွင်း သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဘမ်ဘန်းက မြို့တော်ရွှေ့ပြောင်းမှုက ၂၀၁၈ နှင့် ၂၀၁၉ ကာလအတောအတွင်း ဖြစ်ပြီး အစိုးရအဆောက်အအုံများ တည်ဆောက်ရေးအတွက် နောက်ထပ် အချိန် သုံးလေးနှစ် ယူရမည်ဖြစ်ကြောင်း ပြောထားခဲ့ဖူးသည်။

ဂျကာတာမြို့အနေဖြင့် စီးပွားရေးမြို့တော်အဖြစ် ဆက်လက်ရှိနေမည်ဖြစ်သည်။ ယခု မြို့တော် ပြောင်းရွှေ့မှုသည် လူဦးရေ ဆယ်သန်းကျော်နေသည့် ဂျကာတာမြို့တော်၏ လူနေထူထပ်မှု ပြဿနာကို မည်သို့ လျော့ပါးစေမည်ဆိုသည်ကလည်း မတိကျ မရှင်းလင်းပေ။

မြို့တော် ဂျကာတာ၏ ဧရိယာနယ်မြေ ၄၀ ရာခိုင်နှုန်း နီးပါးသည် ပင်လယ်ရေမျက်နှာပြင်အောက် နိမ့်ကျနေပြီး ယင်းသို့သော ဆိုးဝါးသော အခြေအနေကို ကာကွယ်ရေး လုပ်ငန်းစဉ်တစ်ရပ်အဖြစ် ဂျကာတာပင်လယ်ကွေ့တွင် အကြီးစား ပင်လယ်တံတိုင်းနံရံ တည်ဆောက်ထားခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly