ဒီဇင်ဘာ ၂၀ ။ ။ အဆိုးရွားဆုံး လေထုညစ်ညမ်းမှုနဲ့ တွေ့ကြံုနေရတဲ့ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ယခုအခါ မီးခိုးမြူရှင်း အမြောက်တစ်မျိုးကို စတင်စမ်းသပ်နေပြီ ဖြစ်ကြောင်း သိရပါတယ်။
မြို့တွင်းရှိ လေထုအတွင်းအဆိပ်အတောက်ပါ၀င်မှု မြင့်တက်နေမှုအပေါ် ထိန်းချုပ်ကာကွယ်ဖို့အတွက် ဆံပင်အခြောက်ခံစက် နဲ့ပုံစံတူတဲ့ ကြီးမားတဲ့ ရေအမြောက်တစ်လက်ကို ဒေလီအာဏာပိုင်တွေက ဒီဇင်ဘာ ၂၀ ရက်မှာ စတင်စမ်းသပ်နေတာဖြစ်ပါတယ်။
အိန္ဒိယရဲ့ မြို့တော် နယူးဒေလီကတော့ လက်ရှိအချိန်မှာ တရုတ်ရဲ့ ပေကျင်းမြို့လိုပဲ ကမ္ဘာ့ လေထုညစ်ညမ်းမှု အတိုင်းအတာ အမြင့်ဆုံး မြို့ ဖြစ်လာနေခဲ့တာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်ကတည်းက ဒေလီမြို့ အာဏာပိုင်တွေအနေနဲ့ မြို့တွင်းမှာ ကြံုတွေ့နေရတဲ့ လေထုညစ်ညမ်းမှု ပြဿနာကို ကိုင်တွယ်နိုင်ဖို့အတွက် လုပ်ဆောင်ချက်တစ်ချို့ စတင်လုပ်ဆောင်ခဲ့ပြီး ယင်းတို့ထဲမှာ စာသင်ကျောင်းတွေ၊ ဆောက်လုပ်ရေးဆိုဒ်တွေနဲ့ ဓာတ်အားပေးစက်ရုံတွေကို ယာယီပိတ်ထားတာတွေ ပါ၀င်ခဲ့ပါတယ်။
ယခုအခါမှာတော့ မီးခိုးမြူ ရှင်းလင်းရေး အမြှောက်ကို မြို့ တာဝန်ရှိသူတွေက စတင်စမ်းသပ်ကြည့်နေတာဖြစ်ပါတယ်။
" ဒါ စမ်းသပ်တာ အောင်မြင်တယ်ဆိုရင်တော့ ကျွန်တော်တို့ ဒေလီမြို့အနှံ့ လမ်းတွေမှာ ဒီလိုမျိုး လုပ်ဆောင်သွားတော့မှာ ဖြစ်ပါတယ်" လို့ ဒေလီမြို့ သဘာဝပတ်ဝန်းကျင် ၀န်ကြီး အီမရန် ဟူစိန်က ပြောသွားပါတယ်။