ဒီဇင်ဘာ ၁၉၊ စပိန် ။ ။ ၂၀၁၇ ခုနှစ်အတွင်း ယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲခြောက်ခုတွင် ဆုဖလား ၅ ခုရအောင်ယူနိုင်ခဲ့သောကြောင့် ရီးယဲလ်အသင်းသားများ အနေဖြင့် တစ်ဦးလျှင် အပိုဆုကြေး ယူရို ၂ သန်းစီ ရရှိတော့မည် ဖြစ်သည်။
ရီးယဲလ်အသင်းသည် ၂၀၁၇ ခုနှစ်အတွင်း လာလီဂါဖလား၊ ချန်ပီယံလိဂ်ဖလား၊ စပိန်စူပါဖလား၊ ယူအီးအက်ဖ်အေစူပါဖလားနှင့် ဖီဖာကလပ်ကမ္ဘာ့ဖလားတို့ကို ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။ တစ်နှစ်အတွင်း ဆုဖလား ၅ ခုရရှိခြင်းမှာ ရီးယဲလ်အသင်းသမိုင်းတွင် ပထမဆုံးအကြိမ် ဖြစ်သည်။
၁၉၅၇-၅၈ နောက်ပိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် လာလီဂါဖလားနှင့်ချန်ပီယံလိဂ်ဖလားတို့ကို တစ်ပြိုင်နက် ရယူနိုင်ခဲ့ခြင်းကြောင့် ရီးယဲလ်အသင်းသားများကို အပိုဆုကြေးယူရို ၁.၅ သန်းပေးချေရန် သတ်မှတ်ခဲ့သည်။ သို့သော် ရီးယဲလ်အသင်းခေါင်းဆောင်ရာမို့စ်က ဥက္ကဋ္ဌပီရက်ဇ်နှင့်တွေ့ဆုံခဲ့ပြီး နောက်ထပ်ဖလားသုံးခုအတွက် အပိုဆုကြေးထပ်မံ တောင်းဆိုခဲ့သည်။ ဥက္ကဋ္ဌပီရက်ဇ်က ရီးယဲလ်အသင်းသားများ၏တောင်းဆိုမှုကိုလိုက်လျောခဲ့ပြီး ယူရို ၀.၅ သန်းထပ်မံတိုးမြှင့်ပေးလိုက်ခြင်း ဖြစ်သည်။ ယခုရရှိသည့်ဆုကြေးပမာဏသည် ရီးယဲလ်အသင်းသမိုင်းတွင် အများဆုံးလည်း ဖြစ်သည်။
ရည်ညွှန်း All Football