ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.
Marijuana (ဆေးခြောက်)
Generic Name: Marijuana (ဆေးခြောက်)
ဆေးခြောက် (Marijuana) ဆိုတာဘာလဲ
ဆေးခြောက်ကိုနိုင်ငံတော်တော်များများက အစိုးရတွေက အသုံးပြုခွင့်တားမြစ်ထားပေမယ့် အချို့နိုင်ငံတွေမှာတော့ဆေးခြောက်ကို နာကျင်တဲ့ဝေဒနာ၊မအီမသာဖြစ်တာနဲ့အခြားသောရောဂါတွေကို ကုသရာမှာအသုံးပြုခွင့်ပေးထားပါတယ်။
ဆေးဘက်ဆိုင်ရာမှာ အသုံးဝင်မှုတွေရှိနေတဲ့ ဆေးခြောက်ကို ဆေးခြောက်ပင်ရဲ့ အရွက်တွေနဲ့အဖူးတွေကို အခြောက်ခံပြီးပြုလုပ်ထားတာဖြစ်ပါတယ်။ ဆေးခြောက်ကိုဖွာရှိုက်တာ၊ ရှုတာနဲ့ အစားအစာတွေနဲ့ ရေနွေးထဲကိုထည့်ပြီးမှီဝဲလို့ရပါတယ်။ ဆေးကုသတဲ့နေရာမှာ ဆေးခြောက်ကို ဆေးပြားအနေဲ့ရော အဆီအနေနဲ့ပါအသုံးပြုခဲ့ကြပါတယ်။
ဆေးခြောက်ကို နာကျင်တာသက်သာစေဖို့၊မအီမသာဖြစ်တာကိုလျော့ပါးသက်သာစေဖို့နဲ့ အခြားသောဆေးကုသမှုဆိုင်ရာ ဘေးထွက်ဆိုးကျိုးတွေလျော့ပါးသက်သာစေဖို့နဲ့ ရောဂါအချို့ကိုကုသရာမှာပါအသုံးပြုလို့ရပါသေးတယ်။
ဆေးခြောက်ဆိုတာက ဆေးဖက်ဝင်အပင်တစ်မျိုးကနေရရှိလာတဲ့ အရာတစ်မျိုးပါ။ ဒါပေမယ့် ဆေးခြောက်ထဲမှာ cannabinoids လို့ခေါ်တဲ့ ဓာတုပစ္စည်းတစ်ခုပါဝင်နေပါတယ်။ ဒီဓာတုပစ္စည်းက ပင်မအာရုံကြောစနစ်အပေါ်မှာသက်ရောက်မှုရှိစေတာဖြစ်ပါတယ်။ အပင်ရဲ့ အရွက်တွေနဲ့ အပွင့်မှာ cannabinoids ပါဝင်မှုအများဆုံးဖြစ်ပြီး ဆေးဝါးထုတလုပ်ရာမှာလည်း အရွက်နဲ့အပွင့်ကို အဓိကအသုံးပြုကြပါတယ်။
အချို့လူတွေက ဆေးခြောက်ကို စိတ်အပန်းဖြေစရာတစ်ရပ်အနေနဲ့ အသုံးပြုကြပါတယ်။ ဆေးခြောက်မှာပါတဲ့ cannabinoids က ကိုက်ခဲမှုကိုကုသရာမှာအသုံးပြုတဲ့ ကိုဒင်း နဲ့ အာနိသင်ဆင်တူတာကြောင့် multiple sclerosis (MS) အာရုံကြောဆိုင်ရာချို့ယွင်းတဲ့ရောဂါလက္ခဏာတွေကို ကုသရာမှာအသုံးပြုခဲ့ကြပါတယ်။
ကုသရေးပိုင်းမှာ ဘယ်လိုအသုံးဝင်သလဲ
ရေတိမ် – ဆေးခြောက်ကိုရှုရှိုက်တာက မျက်စိရေတိမ်ခံစားနေတဲ့သူတွေရဲ့ မျက်လုံးအတွင်းပိုင်းက ဖိအားကိုကျဆင်း စေနိုင်ပါတယ်။ အမြင်အာရုံနဗ်ကြောတွေဆီကို သွေးစီးဆင်းရောက်ရှိမှုလျော့ကျအောင်လုပ်ဆောင်ပေးတဲ့အပြင် ဆေးခြောက်ကအမြင်အာရုံကိုတိုးတက်စေနိုင်ပါတယ်။
အိတ်အိုင်ဗွီ/အေအိုင်ဒီအက်စ် ကြောင့်ကိုယ်အလေးချိန်ကျဆင်းခြင်း – ဆေးခြောက်ရှုတာက အေအိုင်ဒီအက်စရောဂါရှိသူတွေကို အစာစားချင်စိတ်ဖြစ်အောင်လှုံ့ဆော်ပေးပါတယ်။ indinavir (Crixivan) (သို့) nelfinavir (Viracept) ဆေးသောက်သုံးနေရတဲ့ အိတ်အိုင်ဗွီရောဂါသည်တွေအနေနဲ့လည်း ကိုယ်အလေးချိန်တက်လာစေဖို့ ဆေးခြောက်ကိုမှီဝဲပေးလို့ရပါတယ်။
Multiple sclerosis (MS) အာရုံကြောဆိုင်ရာ ချို့ယွင်းတဲ့ရောဂါ – အာရုံကြောဆိုင်ရာ ချို့ယွင်းတဲ့ရောဂါကြောင့် ကြွက်သားတွေတင်းတာ၊တုန်တုန်ယင်ယင်ဖြစ်တဲ့ဝေဒနာတွေကိုလည်း ဆေးခြောက်ကထိထိရောက်ရောက်သက်သာစေနိုင်စွမ်းရှိပါတယ်။ ဆေးခြောက်ကို ဆေးပမာဏ တိတိကျကျသောက်သုံးမယ်ဆိုရင်တော့ အာရုံကြောဆိုင်ရာချို့ယွင်းတဲ့ဝေဒနာသည်တွေမှာ တုန်တုန်ယင်ယင်ဖြစ်တာသက်သာသွားတယ်၊လို့ သိရပါတယ်။
အာရုံကြောနာကျင်ခြင်း – အစောပိုင်း သုတေသနပြုချက်တွေအရ တစ်နေ့ကို ၃ ကြိမ် ဆေးခြောက်ရှုရှိုက်ပေးတာက အိတ်အိုင်ဗွီ နဲ့အခြားရောဂါတွေကြောင့်ဖြစ်တဲ့ အာရုံကြောနာကျင်မှုဝေဒနာကို သက်သာစေနိုင်တယ်၊ လို့သိရှိရ ပါတယ်။
နာကျင်မှုများ – လေ့လာမှုတွေအရ ဆေးခြောက်မှာပါတဲ့ cannabinoids လို့ခေါ်တဲ့ဓာတုပစ္စည်းကို ပမာဏတိကျစွာ သုံးစွဲပေးမယ်ဆိုရင် နာတာရှည်နာကျင်ကိုက်ခဲမှုဝေဒနာကို ခံစားနေရသူတွေမှာ နာကျင်မှုကိုလျော့ပါးသက်သာစေတယ်၊ လို့တွေ့ရှိခဲ့ရပါတယ်။
Amyotrophic lateral sclerosis (ALS, Lou Gehrig’s disease)(မိုတာနူရုန်းရောဂါ ) – ALS ဝေဒနာခံစားနေရသူတွေအနေနဲ့ ဆေးခြောက်ကိုအသုံးပြုပေးမယ်ဆိုရင် စိတ်ဓာတ်ကျတာ၊ အစားစားချင်စိတ်နည်းတာ၊ အကြောဆွတြာနဲ့ သွားရည်ကျတာတွေ လိုမျိုးလက္ခဏာတွေအပါအဝင်ရောဂါလက္ခဏာအများစုကိုသက်သာစေနိုင်စွမ်းရှိ ပါတယ်။
ကင်ဆာရောဂါကြောင့် ကိုယ်အလေးချိန်ကျဆင်းခြင်း – ကင်ဆာရောဂါအခြေအနေဆိုးလာတာကြောင့် အစားစားချင်စိတ်လျော့နည်းလာတဲ့ လူနာတွေနဲ့ ဓာတ်ကင်ရတာကြောင့်ဖြစ်တဲ့ ပင်ပန်းနွမ်းနယ်တာ။ အစာစားချင်စိတ်မရှိတာတွေအတွက်လည်း ဆေးခြောက်က အသုံးဝင်ပါတယ်။
လေးဖက်နာ (Rheumatoid arthritis) (RA) – ဆေးခြောက်အဆီအနှစ်ပါတဲ့ ခံတွင်းဖြန်းဆေးအသုံးပြုပေးတာက လေးဖက်နာဝေဒနာကြောင့်ဖြစ်တဲ့ နာကျင်ကိုက်ခဲမှုတွေကို လျော့ပါးသက်သာစေပြီး ကောင်းကောင်းလည်း အိပ်ပျော်စေပါတယ်။ မနက်နိုးတဲ့အခါ လေးဖက်နာရောဂါကြောင့် အဆစ်တွေနာကျင်တာကိုလည်း သက်သာစေပါတယ်။
ကင်ဆာဆဲလ်တွေ ပြန့်ပွားတာကို ကာကွယ်ပေးနိုင်ခြင်း – ဓာတ်ခွဲစမ်းသပ်မှုတွေလုပ်ဆောင်ကြည့်တဲ့အခါမှာတော့ ဆေးခြောက်က ကင်ဆာဆဲလ်တွေပြန့်ပွားမှုကို ကာကွယ်ပေးနိုင်တယ်၊လို့တွေ့ရှိခဲ့ရပါတယ်။ ရင်သားကင်ဆာဆဲလ်တွေကိုမပြန့်ပွားအောင်လည်း ထိထိရောက်ရောက်ဟန်ပတားပေးနိုင်စွမ်းရှိပါတယ်။ ဦးနှောက်အတွင်းမှာ အကျိတ်တည်တာ၊ရင်သားနဲ့အဆုတ်တွေမှာ အကျိတ်ဖြစ်တာတွေကိုလည်း လျော့ပါးသက်သာစေနိုင်စွမ်းရှိပါတယ်။
ဆေးရွက်ကြီးမှာပါတဲ့ ကာစီနိုဂျင်ကြောင့် ထိခိုက်မှုတွေကိုလျော့ပါးသက်သာစေပြီး အဆုတ်ကိုကျန်းမာစေနိုင်ခြင်း – American Medical Association ဂျာနယ်မှာဖော်ပြပါရှိတဲ့ လေ့လောမှုတစ်ရပ်အရ ဆေးခြောက်က ဆေးလိပ်သောက်သုံးမှုကြောင့်ဖြစ်တဲ့ အဆုတ်ထိခိုက်မှုတေါကိုလျော့ပါးစေပြီး အဆုတ်ကို ကျန်းမာစေနိုင်တယ်။လို့ တွေ့ရှိခဲ့ ရပါတယ်။
လေဖြတ်ဝေဒနာသည်တွေကို ဦးနှောက်ထိခိုက်မှုနည်းအောင်ကာကွယ်ပေးနိုင်ခြင်း – ဆေးခြောက်က လေဖြတ်တာကြောင့် ဦးနှောက်ထိခိုက်ပျက်စီးမှုမရှိအောင်ကာကွယ်ပေးနိုင်သလို လေဖြတ်တာကြောင့် ထိခိုက်တဲ့ ဧရိယာနည်းအောင်လည်း အထောက်အပံ့ပေးပါတယ်။ ဆေးခြောက်မှာ neuroprotective အာနိသင်ပါဝင်နေတာကြောင့် ခေါင်းထိခိုက်မှုကြောင့်ဖြစ်တဲ့ ဦးနှောက်ထိခိုက်မှုတွေကိုလည်း ကာကွယ်ပေးပါတယ်။
သတိပြုစရာအချက်များ
ကိုယ်ဝန်ဆောင်တွေအနေနဲ့ ကိုယ်ဝန်ဆောင်ကာလအတွင်း ဆေးခြောက်ကို မရှုသင့်သလို စားသုံးတာမျိုးလည်းမလုပ်သင့်ပါဘူး။ ဆေးခြောက်က အချင်းကနေတဆင့် သန္ဓေသားဆီရောက်ရှိသွားပြီး ကလေးဖွံ့ဖြိုးကြီးထွား မှုကိုနျှေးကွေးစေပါတယ်။ ကိုုယ်ဝန်ဆောင်ကာလအတွင်းမှာ ဆေးခြောက်အသုံးပြုတာက ကလေးငယ်ကို သွေးကင်ဆာဖြစ်စေနိုင်သလို သန္ဓေသားဖွံ့ဖြိုးမှုကိုလည်း ထိခိုက်စေနိုင်ပါတယ်။
နို့တိုက်မိခင်တွေအနေနဲ့လည်း ဆေးခြောက်ကိုလုံးဝအသုံးမပြုသင့်ပါဘူး။ နို့တိုက်မိခင်တွေဆေးခြောက် သုံးစွဲတဲ့အခါ ဆေးခြောက်ရြ့အာနိသင်က နို့ရည်ကနေတဆင့် ကလေးငယ်ဆီရောက်ရှိသွားပြီး ကလေးကြီးထွားမှုကို နှေးကွေးစေပါတယ်။
နှလုံးရောဂါအခံရှိသူတွေ အနေနဲ့လည်းဆေးခြောက်အသုံးပြုမယ်ဆိုရင် နှလုံးခုန်မြန်တာနဲ့ ယာယီသွေးပေါင်ချိန်တက်တာမျိုေးတွခံစားရနိုင်ပါတယ်။ ရုတ်တရက်နှလုံးခုန်ရပ်ပြီး သေဆုံးနိုင်ခြေပိုများပါတယ်။
ကိုယ်ခံအားစနစ်အားနည်းတဲ့သူတွေအနေနဲ့ ဆေးခြောက်ကိုအသုံးပြုမယ်ဆိုရင် ကိုယ်ခံအားစနစ်ကို ပိုမိုအားနည်းစေပြီး ကူးစက်ရောဂါပိုးတွေကို ကိုယ်ခန္ဓာကတိုက်ထုတ်ရာမှာ ပိုမိုခက်ခဲစေပါတယ်။
ဆေးခြောက်က ပင်မအာရုံကြောစနစ်ကိုထိခိုက်စေနိုင်တာကြောင့် ခွဲစိတ်ကုသမှုခံယူတဲ့အခါ ဆေးခြောက်သုံးစွဲထားမယ်ဆိုရင် မေ့ဆေးတွေအခြား ဆေးဝါးတွေနဲ့ ပေါင်းစပ်မိပြီး ပင်မအာရုံကြောစနစ်ရဲ့ လုပ်ဆောင်မှုကိုနှေးကွေးသွားစေနိုင်ပါတယ်။ ခွဲစိတ်ကုသမှုခံယူဖို့ ရှိနေတယ်ဆိုရင် ခွဲခန်းမဝင်ခင် အနည်းဆုံး သီတင်းပတ် ၂ ပတ်အလိုလောက်ကတည်းက ဆေးခြောက်အသုံးမပြုဘဲနေသင့်ပါတယ်။