ဘင်္ဂါလီမွတ်စလင်လူနည်းစုများကို အလွဲသုံးဆက်ဆံကာ အနိုင်ကျင့်နေခြင်းနှင့် ပတ်သက်ပြီး မည်သည့် ခိုင်လုံသည့် သက်သေမျှ မရှိကြောင်း ပြောဆိုလျက် ကုလသမဂ္ဂကို မြန်မာသံအမတ်ကြီးက ဝေဖန်လိုက်သည်။
“လွန်ကဲတဲ့ နိုင်ငံရေးဖိအားတွေ၊ နိုင်ထက်စီးနင်းကျင့်ကြံတာတွေဟာ ဘယ်လို အပြုသဘောရလဒ်မျိုးကိုမျှ ဆောင်ကြဉ်းလာမှာ မဟုတ်ဘူး။”ဟု ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ဒီဇင်ဘာ ၁၃ ရက်က ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ရခိုင်ပြည်နယ် ပဋိပက္ခအတွင်း လိင်အကြမ်းဖက််မှုများ ကျူးလွန်နေခြင်းနှင့် ပတ်သက်ကာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မိန့်ခွန်းအပြီး မြန်မာနိုင်ငံ သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက တုံ့ပြန်ပြောဆိုခြင်း ဖြစ်သည်။
ရခိုင်ပြည်နယ်က ဘင်္ဂါလီမွတ်စလင်(မူရင်း ရိုဟင်ဂျာဟု ဖော်ပြထား)များအပေါ် စစ်တပ်က လိင်အကြမ်းဖက်မှု များ ကျူးလွန်နေသည်ဟု ကုလသမဂ္ဂက အခိုင်အမာဆိုကာ အရပ်သားများအပေါ် အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရေး တောင်းဆိုသည်။
အဆိုပါ အစည်းအဝေးမှာပင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ၎င်းတို့ ကြံုတွေ့နေရသည့် ဒုက္ခသည်အကျပ်အတည်းသည် ဆိုးရွားလျက်ရှိကြောင်း၊ နေ့စဉ် မြန်မာဖက်က ၎င်းတို့ ပိုင်နက်ဖက် ဘင်္ဂါလီများ ၁၀၀ မှ ၄၀၀ ၀င်ရောက်နေ ကြောင်း ပြောသည်။
သြဂုတ် ၂၅ ရက်က စတင်သည့် ပဋိပက္ခများ နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်ဖက်သို့ ထွက်ပြေးသူ ဘင်္ဂါလီဦးရေက ၆၂၆၀၀၀ ကျော် ရှိကြောင်း ကုလသမဂ္ဂမှ ထုတ်ပြန်ထားသည်။