မြန်မာ့စီးပွားရေး နာမကျန်းဖြစ်နေ၊ လာအိုကို မီဖို့တောင် မလွယ်ဟု ဦးမြင့်ပြော

မြန်မာ့စီးပွားရေး နာမကျန်းဖြစ်နေ၊ လာအိုကို မီဖို့တောင် မလွယ်ဟု ဦးမြင့်ပြော

 

 

မြန်မာနိုင်ငံတစ်ဝှမ်းမှ ကုန်သည်စက်မှုအသင်းမှ ကိုယ်စားလှယ်များ၊ နယ်စပ်ကုန်သွယ်ရေးကုန်သည်များပါဝင်သည့် လူပေါင်း ၁၀၀ ကျော် တက်ရောက်သော ကုန်သည်စက်မှုအသင်းချုပ် ညီလာခံကို ဒီဇင်ဘာ ၈ ရက်နှင့် ၉ ရက်နေ့များမှာ ကျင်းပရာ၊ စီးပွားရေး ပညာရှင်များ တက်ရောက်ပြီး မြန်မာ့စီးပွားရေးနှင့်ပတ်သက်ပြီး အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။

ကုန်သည်စက်မှုအသင်းချုပ်ရဲ့ စီးပွားရေးအကြံပေးလည်းဖြစ် သမ္မတ (ငြိမ်း) ဦးသိန်းစိန်၏ စီးပွားရေးအကြံပေး အဖွဲ့ခေါင်းဆောင်လည်းဖြစ်ခဲ့သူ ဦးမြင့်လည်း ဒီညီလာခံကို တက်ရောက်ခဲ့ပြီး အဖွင့်အမှာစကားပြောခဲ့ပါတယ်။ ဒီအဖွင့်အမှာစကားမှာ မြန်မာ့စီးပွားရေး လက်ရှိအခြေအနေများကို သုံးသပ်ထားပြီး ဆက်လက်ဆောင်ရွက်သင့်တဲ့ အချက်တွေကို ပြောဆိုခဲ့ပါတယ်။

ဦးမြင့်ရဲ့အမှာစကားမှာ မြန်မာ့စီးပွားရေး အခြေအနေဟာ နာမကျန်းဖြစ်နေပြီး ၂၀၂၀ မှာ ဒေသတွင်းနိုင်ငံတစ်ခု ဖြစ်တဲ့ လာအိုနိုင်ငံကိုပင် မီအောင်လိုက်နိုင်ဖို့ အလားအလာ နည်းနေတယ်လို့ ဦးမြင့်က သုံးသပ်ပါတယ်။ “လက်ရှိအစိုးရရဲ့ ကျန်နေတဲ့ သက်တမ်းကာလအတွင်းမှာ လာအိုနိုင်ငံကို အမီလိုက်နိုင်ဖို့တောင် အလားအလာနည်းနေပါတယ်” လို့ ဦးမြင့်က ဆိုပါတယ်။

ဒီလို နာမကျန်းဖြစ်နေတဲ့ မြန်မာ့စီးပွားရေး အခြေအနေကို ကုသဖို့ မဟာဗျူဟာလိုအပ်တယ်လို့ ဆိုပြီး “မဟာဗျူဟာကို် မြန်မာ့စီးပွားရေးအမြင်” ဆိုပြီး အပိုင်း ရ ပိုင်းပါတဲ့ မူဘောင်များကို ဦးမြင့်က ဆွေးနွေးတင်ပြခဲ့ပါတယ်။

ဦးမြင့်ဆွေးနွေးတင်ပြခဲ့တာများကို အပြည့်အစုံ ဖေါ်ပြအပ်ပါတယ်။

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ညီလာခံ၂၀၁၇

ကုန်သည်စက်မှုအသင်းချုပ် မင်္ဂလာခန်းမ၊ ရန်ကုန်

၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ (၉) ရက်

အဖွင့်အမှာစကား - မြန်မာနိုင်ငံလက်ရှိ စီးပွားရေးအခြေအနေ၊

လက်ရှိအခြေအနေကိုဖြစ်စေသော အကြောင်းရင်းများနှင့် ဆောင်ရွက်သင့်သည့်အချက်များ[1]

ဦးမြင့်၊ ကုန်သည်စက်မှုအသင်းချုပ်၏ စီးပွားရေးအကြံပေး

လေးစားအပ်ပါသော ပြည်ထောင်စုဝန်ကြီးများ၊ သံအမတ်ကြီးများ၊ ဂုဏ်သရေရှိလူကြီးမင်းများ၊ အထူးဧည့်သည် တော်များနဲ့တစ်ကွ တက်ရောက်လာသူများခင်ဗျား။

အခုလို အရေးပါတဲ့ညီလာခံကြီးမှာ အဖွင့်အမှာစကား ပြောကြားခွင့်ပြုတဲ့အတွက် ကုန်သည်စက်မှု အသင်းချုပ် ဥက္ကဌ ဦးဇော်မင်းဝင်းနဲ့ လုပ်ဖော်ကိုင်ဖက်များကို အထူးကျေးဇူးတင်ကြောင်း နှုတ်ခွန်းဆက်သ အပ်ပါတယ်။ ကျွန်တော့ကို ဒီမှာပြောပေးဖို့ အတိအကျ တောင်းဆိုလာတာကတော့ အမှာစကားခေါင်းစဉ်မှာပါတဲ့ အတိုင်းပါပဲ - “မြန်မာနိုင်ငံ လက်ရှိစီးပွားရေးအခြေအနေ၊ ယင်းအခြေအနေကိုဖြစ်စေသော အကြောင်းရင်းများနှင့် ဆောင်ရွက်သင့်သည့်အချက်များ” ဆိုတာပဲ ဖြစ်ပါတယ်။

ဒီခေါင်းစဉ်က ကျွန်တော်တို့အားလုံး ဒီနေ့ အရေးတကြီးရင်ဆိုင်နေရတဲ့ ကိစ္စရပ်ကြီးပါ။ လက်ရှိ စီးပွားရေး အခြေအနေက သိပ်မကောင်းဘူးဆိုတာကို ယေဘူယျအားဖြင့် အများလက်ခံထားကြတယ်လို့ ကျွန်တော်ယူဆမိ ပါတယ်။ ဒါ့အပြင် ပိုမိုဆိုးဝါးလာမလားလို့ စိုးရိမ်မှုတွေလည်းများလာနေတာကိုတွေ့ရပါတယ်။ ဒါကြောင့်မို့ ကျွန်တော့် အမှာစကားထဲမှာ စီးပွားရေးအခြေအနေ ဘာကြောင့်အားမကောင်းရသလဲနဲ့ ဘာတွေလုပ်သင့်တယ်ဆိုတာကို အဓိကဆွေးနွေးထားပါတယ်။

ခုလိုဆွေးနွေးရာမှာ စီးပွားရေးပညာရှင် Ashok V. Desai ရဲ့ အိန္ဒိယအစိုးရအကြံပေးအဖြစ် ကာလတို လုပ်ခဲ့စဉ်က လေ့လာတွေ့ရှိချက်ကို အောက်ပါအတိုင်းပြောကြားခဲ့ပါတယ်။

“စီးပွားရေးအကြံပေးတစ်ဦးရဲ့တာဝန်က အရှိကိုအရှိအတိုင်းတင်ပြရန်နှင့် သူမှန်တယ်ထင်တာကို အကြံ ပေးရန်ဖြစ်ပါတယ်။ ဒါပေမဲ့ အစိုးရရဲ့ အခြေခံသဘာဝက မိမိ၏ နိုင်ငံရေးသက်တမ်း ဆက်လက်ရှင်သန်နိုင်ဖို့ပါပဲ။ သို့သော်အရှိကိုအရှိအတိုင်း ပြောလိုက်ခြင်းဖြင့်အတိုက်အခံတွေအတွက် ကျည်ဆံကမ်းပေး လိုက်သလိုဖြစ်သွား ရင် သစ္စာဖောက်ရာကျသွားနိုင်သလို၊ အစိုးရမစွမ်းဆောင်နိုင်တာကို လုပ်သင့်တယ်လို့ သွားအကြံပေးလိုက်မိရင် လည်း အစိုးရမှာစွမ်းဆောင်ရည်မရှိဘူးလို့ အဓိပ္ပာယ်ပေါက် သွားစေနိုင်ပါတယ်။[2]

အထက်မှာ ကိုးကားခဲ့တာကိုကြည့်ရင် အစိုးရအတွက် နိုင်ငံရေးအရ ရှင်သန်ဖို့ကိစ္စရပ်နဲ့ ထိရောက်တဲ့ အတိုက်အခံရှိဖို့ဆိုတာက တကယ်အရေးကြီးတဲ့ ကိစ္စတွေပါ။ ဒါပေမဲ့ ဒီကိစ္စရပ်တွေက ကျွန်တော့ အဖွင့်အမှာစကား မှာ ထည့်ပြောရန် သက်ဆိုင်မှုသိပ်မရှိလို့ ထည့်မပြောတော့ပါဘူး။ သို့သော် ပါမောက္ခ Desai ပြောထားတဲ့ အကြံပေး သူတွေရဲ့တာဝန်ဖြစ်သည့် အရှိကိုအရှိတိုင်းပြောရမှာနဲ့ မှန်တယ်ထင်တာ အကြံပေးရမှာကို ယခုအချိန်မှာ ကျွန်တော် တို့စွမ်းဆောင်နိုင်ခြင်မရှိတဲ့့အပေါ် လူအများကစိုးရိမ်ပူပန်နေကြပါတယ်။ ခုလိုဖြစ်လာရတာက အဓိက ဆုံးဖြတ်ချက် ချနိုင်သူနဲ့ အကြံပေးသူတွေအကြား လုံလောက်တဲ့ထိတွေ့ခွင့်နဲ့ ထိရောက်စွာ အမြင်ဖလှယ်ခွင့်တွေ မရှိတာကြောင့် လို့ ကျွန်တော်ထင်ပါတယ်။ ဒီကိစ္စက ကျွန်တော်တို့အတွက် ပြဿနာကြီးဖြစ်နေတယ်လို့ ကျွန်တော်မထင်ပါဘူး။ ဒီတော့ ဒါကိုကျွန်တော်တို့ ရင်ဆိုင်ဖြေရှင်းနိုင်ပါတယ်၊ ဖြေရှင်းဖို့လည်းသင့်ပါတယ်။ ဒီနေ့မနက်မှာတော့ ဤကိစ္စ အပေါ် ကျွန်တော့်ရှုထောင့်ကို တင်ပြဆွေးနွေးသွားပါမယ်။

ဒီအပြင် ကျွန်တော်တို့အနေနဲ့ စီးပွားရေးအပေါ်မှာ ထိုက်သင့်တဲ့အလေးပေးမှုတွေ မရှိသည့်အတွက် စီးပွားရေးဟာ ကောင်းကောင်းမလည်ပတ်နိုင်ဘူးလို့ ယူဆချက်တွေရှိလာပါတယ်။ ဒီကိစ္စနဲ့ပတ်သက်၍ အင်ဒိုနီးရှား နိုင်ငံရဲ့အတွေ့အကြံုဟာ ကျွန်တော်တို့အတွက် စိတ်ဝင်စားစရာ ကောင်းပါတယ်။ အင်ဒိုနီးရှားနိုင်ငံရဲ့ စီးပွားရေးပြုပြင် ပြောင်းလဲမှုမှာ အဓိကဆောင်ရွက်ပေးခဲ့သူဖြစ်တဲ့ ပါမောက္ခ Widjojo က ဒါနဲ့ပတ်သက်၍ အောက်ပါအတိုင်း ပြောခဲ့ပါတယ်။

“ကျွန်တော်တို့ရဲ့ စီးပွားရေးဟာ နှစ်ပေါင်းများစွာ လျစ်လျူရှုထားခဲ့တာကို ငြင်းလို့မရပါဘူး။ ပြီးတော့ စီးပွားရေးအပေါ် အလေးပေးသင့်သလောက် မပေးကြသေးပါဘူး။ စီးပွားရေးပြဿနာတွေကို ဖြေရှင်းရာမှာ ကျွန်တော်တို့အနေနဲ့ စီးပွားရေး အခြေခံဥပဒေသတွေကို ထည့်သွင်း စဉ်းစားလေ့မရှိခဲ့ကြပါ။ ခုလို စီးပွားရေး ဥပဒေသတွေကို လျစ်လျူရှုတာမျိုးက လက်တွေ့မဆန်တဲ့ စဉ်းစားချက်တွေကြောင့် ဖြစ်ပါတယ်။ အရေးကြီးတာ က စီးပွားတိုးတက်ဖို့အတွက် အမှာစကားတွေ ချွေနေရုံ၊ အခမ်းအနားကြီးတွေ၊  ဆွေးနွေးပွဲကြီးတွေ  ကျင်းပနေရုံ သက်သက်နဲ့ အလုပ်မဖြစ်နိုင်ဘူးဆိုတာ သိထားဖို့ပါ။ ဒီစီးပွားရေး တိုးတက်ဖို့အတွက် လက်တွေ့ကျတဲ့လုပ်ငန်းစဉ် အသေးစိတ် အတိအကျတွေပါ ရှိလာဖို့လည်း လိုအပ်ပါတယ်။[3]

ထို့အပြင် ဗိုလ်ချုပ်အောင်ဆန်းကလည်း စီးပွားရေးစီမံကိန်းရေးဆွဲရာတွင် အခြားကိစ္စများရောထွေးမစဉ်းစား ဖို့ ၁၉၄၇ ခုနှစ်တုံးက အောက်ပါအတိုင်း သတိပေးခဲ့ပါတယ်။

 “ကျွန်တော်တို့ စီးပွားရေး စီမံကိန်းရေးဆွဲရာတွင် နိုင်ငံရေးကိစ္စများကိုပါ ထည့်သွင်းစဉ်းစားတာကြောင့် အာရုံနောက်သွားနိုင်တာကို သတိပြုသင့်ပါသည်။ စီးပွားရေးနဲ့ နိုင်ငံရေးက ဆက်စပ်နေတာကို ကျွန်တော် နားလည်ပါတယ်၊ ဒါပေမဲ့ နိုင်ငံရေးကို ခဏဘေးဖယ်ထားသင့်ပါတယ်။[4]

ဗိုလ်ချုပ်ပြောခဲ့တဲ့ အမြှော်အမြင်ကြီးတဲ့ ဒီစကားလုံးတွေနဲ့ အထက်မှာတင်ပြခဲ့တဲ့ အင်ဒိုနီးရှားအတွေ့အကြံု ကို ထည့်စဉ်းစားပြီး၊ ကျွန်တော်တို့ စီးပွားရေးရဲ့လက်ရှိအခြေအနေကို ပြန်ကြည့်ကြရအောင်။ အဲ့ဒီအတွက် ကမ္ဘာပေါ် မှာအရှိန်အဝါအကြီးဆုံးကိန်းဂဏန်းဖြစ်တဲ့ ဂျီဒီပီကို ကြည့်ဖို့လိုအပ်ပါတယ်။[5]

ဒီကိန်းဂဏန်းတွေကို ကျွန်တော် ကြည့်လာခဲ့တာ ကြာမြင့်ခဲ့ပါပြီ။ အထူးသဖြင့် ဂျီဒီပီဂဏန်း (၂) လုံးဖြင့် တက်လာပုံကို စိတ်ဝင်စားခဲ့ပါတယ်။

နောက်ဆက်တွဲ (၁) စာမျက်နှာ (၁၀) မှာပါတဲ့ ဇယား (၁) မှာ မြန်မာနိုင်ငံရဲ့ ဂျီဒီပီ နှစ်အလိုက် စျေးနှုန်းအရ တိုးတက်မှုနှုန်း[6]ကို လွတ်လပ်ရေးရတဲ့ ၁၉၄၈ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အထိ နှစ်ပေါင်း (၆၀) ကာလ ဖော်ပြထား ပါတယ်။ ဒီနှစ်တွေထဲမှာ ကိန်းဂဏန်း (၂) လုံးအဆင့် တိုးတက်မှုနှုန်းကို ၁၉၅၀ ဆယ်စုနှစ်တွင် (၂) ကြိမ်နဲ့ ၁၉၆၀ ဆယ်စုနှစ်တွင် (3) ကြိမ် တွေ့ရှိရပါတယ်။ ဒီခုနှစ်တွေကို နောက်ခံအရောင်နဲ့  ပြထားပါတယ်။ ဒါပေမဲ့ ဂဏန်း (၂) လုံး တိုးတက်တာတွေက (၂) နှစ်ဆက်တိုက်မဖြစ်ခဲ့ပါဘူး။ ဂဏန်း (၂) လုံးတက်တဲ့နှစ်တိုင်းမှာ မတိုင်ခင်နှစ်မှာ ဖြစ်ဖြစ်၊ နောက်နှစ်မှာဖြစ်ဖြစ် အနှုတ်လက္ခဏာပြတဲ့ တိုးတက်မှုနှုန်းများနဲ့လည်း ကြံုခဲ့ရပါတယ်။ဒီ့နောက် ဆယ်စုနှစ် (၃) စု (၁၉၇၀ နှစ်များ၊ ၁၉၈၀ နှစ်များနဲ့ ၁၉၉၀ နှစ်များ အတွင်းမှာဆိုရင် ဂဏန်း (၂) လုံး အဆင့်တက်လာတာမရှိခဲ့ပါဘူး။ ဒါပေမဲ့ ထောင်စုနှစ်သစ်အစပိုင်း သက္ကရစ် ၂၀၀၀ ပြည့်နှစ်ကနေ ၂၀၁၀ ခုနှစ် အတွင်းမှာ မြန်မာနိုင်ငံအနေနဲ့ ဂဏန်း (၂) လုံး တိုးတက်မှုနှုန်းကို (၁၁) နှစ်ဆက်တိုက်ရရှိခဲ့ပါတယ်။ ဒီကာလ အတွင်း မြန်မာနိုင်ငံနဲ့ အခြား အာရှ (၁၈) နိုင်ငံတို့ရဲ့ တိုးတက်မှုနှိုင်းယှဉ်ချက်တွေကို နောက်ဆက်တွဲ (၂) စာမျက်နှာ (၁၁) ဇယား (၂) မှာဖော်ပြထားပါတယ်။ ဒီမှာလည်း ဂဏန်း (၂) လုံးအဆင့် တိုးတက်တဲ့နှစ်တွေကို နောက်ခံအရောင်နဲ့ ပြထားပါတယ်။ ဒီဖော်ပြထားတဲ့ အာရှ (၁၈) နိုင်ငံအနက် (၁၅) နိုင်ငံမှာ ဂဏန်း (၂) လုံးအဆင့် တိုးတက်တာကို လုံးဝမတွေ့ခဲ့ရပါဘူး။ ခြွင်းချက်က ဘူတန်မှာ (၂) နှစ်နဲ့ ကမ္ဘောဒီးယားမှာ (၄) နှစ်သာ ရရှိခဲ့ပါတယ်။ တရုတ်နိုင်ငံတောင်မှ ဒီ (၁၁) နှစ်ကာလအတွင်း (၅) နှစ်က ဂဏန်း (၂) လုံးအဆင့် တိုးတက်တာမရရှိခဲ့ပါ။ ဒါ့အပြင် ယင်း (၁၈) နိုင်ငံရဲ့ ပျမ်းမျှတိုးတက်မှုနှုန်းဟာ ၅.၆% သာရှိခဲ့သော်လည်း မြန်မာနိုင်ငံရဲ့ ပျမ်းမျှတိုးတက်မှုနှုန်းက ၁၂.၂ % ဖြစ်နေ၍ အာရှ ပျမ်းမျှထက် (၂) ဆကျော်သာလွန်ခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ ပျမ်းမျှတိုးတက်မှု နှုန်းကလည်း ၁၀.၃% သာ ရှိခဲ့တာမို့ ကျွန်တော်တို့က တရုတ်ထက်လည်း ပိုမြန်မြန်တိုးတက်နေသလို ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ မြန်မာပြည်သူအများစုကတော့ အခုလို ဂျီဒီပီ တိုးတက်မှုနှုန်းမြင့်မားတဲ့အပေါ် မယုံကြည်ခဲ့ကြ ပါဘူး။ နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့(IMF) နဲ့ ကမ္ဘာ့ဘဏ် (World Bank) တို့ရဲ့ တရားဝင် အစီရင်ခံစာ တွေမှာလည်း ဒီ ဂျီဒီပီ ကိန်းဂဏန်းတွေကို မထုတ်ပြန်ခဲ့ပါ။ ဒါကြောင့်မို့ အဲ့ဒိအချိ်န်က မြန်မာနိုင်ငံထဲမှာ စီးပွားရေးကမ္ဘာ (၂) ခု တည်ရှိနေခဲ့တယ်လို့ သံသယပွားစရာ ဖြစ်စေခဲ့ပါတယ်။ ကမ္ဘာတစ်ခုကတော့ လူတွေရှိနေတဲ့ တကယ့် လက်တွေ့ကမ္ဘာကြီးပါ။ နောက်ကမ္ဘာတစ်ခုကတော့ အစိုးရအစီရင်ခံစာတွေထဲမှာ တည်ရှိတဲ့ ကိန်းဂဏန်း ကမ္ဘာပါ။ ဒီ ကမ္ဘာနှစ်ခုကို အမျိုးသားရင်ကြားစေ့ရေးလုပ်ပေးဖို့ နှစ်ပေါင်းများစွာ ကျွန်တော်တို့ ဆန္ဒပြင်းပြခဲ့ပါတယ်။ အဲ့ဒီလို ရင်ကြားစေ့နိုင်ဖို့က အလွန်လိုအပ်တယ်လို့ ခံယူခဲ့ကြပါတယ်။ ဘာလို့လဲဆိုတော့ နိုင်ငံတိုးတက်မှုရဲ့ အခြေခံ သဘောတရားတွေဖြစ်တဲ့ သာတူညီမျှသော (Equitable)၊ ရေရှည်တည်တ့ံသော (Sustainable) နဲ့ အားလုံးခံစား ခွင့်ရှိသော တိုးတက်မှု (Inclusive Growth) အပေါ် နားလည်ယုံကြည်ဖို့ ခက်သွားမည်ဖြစ်ပါတယ်။

သို့သော်လည်း ဤစီးပွားကမ္ဘာ (၂) ခုအကြား ပြန်လည်သင့်မြတ်ရေးကိစ္စမှာ အောင်မြင်မှုအသင့်အတင့် ရှိခဲ့ပါတယ်။ ၂၀၁၂-၁၃ ခုနှစ်မှ ၂၀၁၅-၁၆ ခုနှစ်ကာလ ပထမ (၅) နှစ်စီမံကိန်းရဲ့ နှစ်စဉ်ပျမ်းမျှ စီးပွားရေး တိုးတက်မှုနှုန်း လျာထားချက်ကို ၁၀.၅% အဖြစ် သတ်မှတ်ခဲ့သော်လည်း သမ္မတကြီး ဦးသိန်းစိန်က  ၂၀၁၂ ခုနှစ် ဇွန်လမှာ လက်တွေ့ကျတဲ့ ရ.၇% ကို ပြန်လည်ပြင်ဆင်လျော့ချခဲ့ပါတယ်။[7]

ဒီစီမံကိန်းရဲ. နှစ်စဉ်တိုးတက်မှု ရည်မှန်းချက်ကို ဘဏ္ဍာနှစ်၂၀၁၁-၁၂ နှင့် ၂၀၁၂-၁၃ တွေအတွက် ၆.၀% နှင့် ၆.၃% အဖြစ်သတ်မှတ်ခဲ့တာ ကလည်း မြန်မာနိုင်ငံရဲ့ ယခင်မြင့်မားခဲ့တဲ့ တိုးတက်မှုစံနှုန်းတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် ပို်၍လက်တွေ့ကြပါတယ်။ ထို့ပြင် (ADB) ရဲ့ ထိုနှစ်များအတွက် ကြိုတင်ဟောကိန်းဖြစ်တဲ့ ၆.၁% နဲ့ ၆.၇% တွေနဲ့လည်း ပိုမိုကိုက်ညီမှု ရှိနေပါတယ်။ ဒီစီမံကိန်းကာလ နှစ်စဉ်တိုးတက်မှုနှုန်းတွေကို နောက်ဆက်တွဲ (၃) စာမျက်နှာ (၁၂) ဇယား (၃) မှာ ဖော်ပြထားပါတယ်။

ထိုကဲ့သို့ စီးပွားရေးကမ္ဘာနှစ်ခုအကြားမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးဟာ နိုင်ငံရေးကဏ္ဍကအမျိုးသား ပြန်လည်သင့်မြတ်ရေးလောက် စိတ်လှုပ်ရှားစရာမရှိခဲ့ပါ။ ပြည်တွင်းပြည်ပကလည်း သိသိသာသာအာရုံစိုက်မှုတွေ မရှိခဲ့ပါ။ ဒါပေမဲ့ စီးပွားရေး စာတန်းတွေပြုစုရတဲ့ သုတေသီအတွက်ကတော့များစွာ အကျိုးရှိခဲ့ပါတယ်။

အထက်မှာတင်ပြခဲ့တဲ့ ယခင်အစိုးရတွေရဲ့ ကြိုးပမ်းလုပ်ဆောင်မှုတွေဟာ မြန်မာ့စီးပွားရေးအပေါ် ဘယ်လို ရလဒ်တွေဖြစ်စေခဲ့တယ်ဆိုတာကို စဉ်းစားတင်ပြပါမယ်။ ကျွန်တော်တို့ရဲ့ စီးပွားရေးတိုးတက်မှုကို စဉ်းစားတဲ့အခါမှာ အခြားနိုင်ငံတွေနဲ့ ပခုံးချင်းယှဉ်နိုင်ဖို့ မျှော်လင့်လိုလားချက်တွေကို အမြဲဖော်ပြလေ့ရှိပါတယ်။ စာမျက်နှာ (၁၂) က ဇယား (၄) မှာ အာဆီယံနိုင်ငံတွေရဲ့ လူတစ်ဦးချင်း၏ ပျမ်းမျှအသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (Per Capita GDP) ကို အမေရိကန်ဒေါ်လာတန်ဖိုးနဲ့ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံဟာ သက္ကရာဇ် ၂၀၀၀ ကာလတုန်း က တစ်ဦးချင်း (ဂျီဒီပီ) အမေရိကန်ဒေါ်လာ ၁၉၃.၂ ရှိခဲ့ပြီး၊ အာဆီယံနိုင်ငံများတွင် အောက်ဆုံးမှာရှိနေခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်တွင် မြန်မာနိုင်ငံသည် ကမ္ဘောဒီယားနိုင်ငံကို အမီလိုက်နိုင်ခဲ့ပြီး ဒုတိယနောက်ဆုံးအဆင့်သို့ တက်သွားခဲ့ ပါတယ်။ ပထမ (၅) နှစ် စီမံကိိန်းနောက်ဆုံးနှစ်ဖြစ်တဲ့ ၂၀၁၅-၁၆ ခုနှစ်အထိ အဲ့ဒီအဆင့်ကိုဆက်ထိန်းထားနိုင်ခဲ့ ပါတယ်။

အရေးကြီးတဲ့ မေးခွန်းကတော့ ကျွန်တော်တို့ဟာ အာဆီယံ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ဗီယက်နမ်၊ ဖီလစ်ပိုင်၊ အင်ဒိုနီးရှား၊ ထိုင်းနဲ့ မလေးရှားနိုင်ငံတွေနဲ့ နှိုင်းယှဉ်နိုင်တဲ့၊ ဒါမှမဟုတ် အလွန်မကွာဟတဲ့ ဂျီဒီပီ အဆင့် အတန်းကိုရရှိဖို့ အလားအလာ ဘယ်လိုရှိနေတယ် ဆိုတာပါပဲ။[8]

ဒီလိုမှီဖို့ဆိုရင် ပထမလုပ်ရမှာက အခုအဆင့်ကနေ အပေါ်တစ်ဆင့်ထပ်တက်နိုင်ဖို့ လာအိုနိုင်ငံကို အမှီလိုက်် ကျော်တက်နိုင်ဖို့လိုပါတယ်။ လက်ရှိ ၂၀၁၆-၁၇ ကနေ ၂၀၂၀-၂၁ အထိ (၅) နှစ် စီမံကိန်းကာလအတွင်း ခုလိုဖြစ်နိုင်ဖို့ အလားအလာ ဘယ်လိုရှိနေပါလဲ။ စာမျက်နှာ (၁၀) က ဇယား (၅) မှာ ဒီအတွက် အဖြေပေးထားပါတယ်။ ဒီဇယားထဲမှာ IMF က ကျွန်တော်တို့ တဦးချင်း ဂျီဒီပီ ကို ၂၀၂၀-၂၁ ခုနှစ်ရောက်ရင် အမေရိကန်ဒေါ်လာ ၁,၈၃၂ ဒေါ်လာ ဖြစ်လာမယ်လို့ ခန့်မှန်းထားပါတယ်။ ဒါပေမဲ့ ဒီပမာဏဟာ လာအိုနိုင်ငံ ၂၀၁၅ ခုနှစ်တုံးက ရှိခဲ့တဲ့ တဦးချင်း ဂျီဒီပီ အမေရိကန်ဒေါ်လာ ၂,၁၅၉ ဒေါ်လာထက် နည်းနေပြီးသားဖြစ်တာကို ဇယား (၄) မှာ တွေ့နိုင်ပါတယ်။ ဒီပြင် လာအိုနိုင်ငံရဲ့ တဦးချင်း ဝင်ငွေကလည်း ၂၀၂၀-၂၁ ခုနှစ်မှာ (၅) နှစ်တာအတွင်း ဆက်တက်နေဦးမှာဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိအစိုးရရဲ့ ကျန်နေတဲ့ သက်တမ်းကာလအတွင်းမှာ လာအိုနိုင်ငံကို အမီလိုက်နိုင်ဖို့တောင် အလားအလာနည်းနေပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ ကိန်းဂဏန်းစီးပွားရေးကမ္ဘာထဲမှာ လက်ရှိဘယ်အနေအထားမှာ ရောက်နေတယ်ဆိုတာကို စဉ်းစားဖို့ ဖြစ်ပါတယ်။ ပိုအရေးကြီးတာက လက်တွေ့ကမ္ဘာထဲက လူထုရဲ့လက်ရှိအနေအထားက ဘယ်လိုရှိနေလဲ ဆန်းစစ်ဖို့ လိုပါတယ်။ ဒါသိပ်မခက်ပါဘူး၊ ကျွန်တော်တို့အခု စျေးထဲသွားပြီး နေ့စဉ် စျေးဝယ်သူတွေ၊  စျေးရောင်းသူတွေ မိသားစု ရပ်တည်ရေးအတွက် ကြီးမားစွာ ရုန်းကန်နေရတာကို ကြည့်ယုံနဲ့သိနိုင်ပါတယ်။

အတိုခြံုးပြောရရင် ကျွန်တော်တို့နိုင်ငံရဲ့ စီးပွားရေးအခြေအနေဟာ နာမကျန်းဘူးလို့ ကျွန်တော်ထင်ပါ တယ်။ ဒီစီးပွားရေး နာမကျန်းမှုကိုကုသဖို့ ဆရာဝန်နှင့်ဆွေးနွေးရန်၊ ဆေးစစ်ရောဂါရှာဖွေရန်၊ ညွှန်းထားသည့် ဆေးသောက်ရန် စသဖြင့်လိုက်ဆောင်ရွက်ရန် ဖြစ်ပါသည်။ အချုပ်ပြောရရင် ဒီစီးပွားရေး နာမကျန်းမှုကြီးကို အထက် ဖော်ပြသလိုဆောင်ရွက်ရန် စီမံကိန်းချမှတ်၍ သို့မဟုတ် မဟာဗျူဟာ လိုအပ်ပါတယ်။

အဆိုပါ မဟာဗျူဟာကို် မြန်မာ့စီးပွားရေးအမြင် (Myanmar Economic Vision-MEV) ဟုခေါ်ဆို၍ အောက်ပါမူဘောင် (၇) ရပ်အတိုင်း အပိုင်း (၇) ပိုင်းဖြင့်တင်ပြအပ်ပါသည်။

(၁) ရည်ရွယ်ချက်များ

(က) ခေတ်မှီတိုးတက်သည့် နိုင်ငံဖြစ်လာပြီး၊ ပြည်သူများလိုလားမျှော်မှှန်းသည့် လူနေမှုအဆင့် အတန်း တိုးတက်လာရန် ဖြည့်ဆည်းပေးရေး။

  1. မြန်မာ့စီးပွားရေးအမြင်သည် မြန်မာပြည်သူများ၏ ရည်မှန်းချက်များကို ဖြည့်ဆည်းပေးရာတွင်၊ ''ပြည်သူများ'' ဆိုရာ၌ တပ်မတော်သားများ၊ အရပ်သားများ၊ တိုင်းရင်းသားများနှင့် ပြည်ပရောက် မြန်မာများ အားလုံး အကျုံးဝင်ပါသည်။
  2. (၂) အခြေခံမူများ

မြန်မာပြည်သူများသည် မိမိတို့၏ ယဉ်ကျေးမှုဓလေ့နှင့် ထုံးထမ်းစဉ်လာများကို အစဉ်လေးစား ထိန်းသိမ်း လေ့ရှိသည်။ သို့ဖြစ်၍ မြန်မာ့စီးပွားရေး အမြင်ပြုစုရာတွင် မြန်မာ့ယဉ်ကျေးမှု၊ ထုံးတမ်းစဉ်လာ၊ ယုံကြည်မှုများနှင့် အတွေးအခေါ်များကို အထူးအလေးထား ထည့်သွင်းဖော်ထုတ် သွားမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်များနှင့် ထုံးတမ်းစဉ်လာ ယုံကြည်မှုများသည် ခေတ်မှီခြင်း၊ တိုးတက် ခြင်း၊ သဘောသဘာဝများနှင့် သဟဇာတဖြစ်လျက်ရှိပါသည်။ မြန်မာ့စီးပွားရေး အမြင်ရေးဆွဲရာ၌ ယင်းယုံကြည်မှု များနှင့်အတွေးအခေါ်များကိုအခြေခံပြီး ဖော်ဆောင်သွားမည်ဖြစ်ပါသည်။

(၃) အမျိုးသားရေးအဓိကလိုအပ်ချက်များ

အမျိုးသားရေး အဓိကလိုအပ်ချက်များဟူသော ခေါင်းစဉ်အောက်တွင် မြန်မာနိုင်ငံ၏ အနာဂတ်လမ်းညွှန်နှင့် ဦးတည်ချက်များကို ပြဋ္ဌာန်းပေးပါသည်။ ယင်းလိုအပ်ချက်များမှာ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ထိန်းသိမ်းရေး၊ ညီညွတ်ရေးနှင့်လုံခြံုရေးကို တည်ဆောက်ရေး၊ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာပိုင်ဆိုင်မှု အဓွန့်ရှည်ရေးတို့ ဖြစ်ပါသည်။ မြန်မာ့စီးပွားရေးအမြင်သည် ယင်းလိုအပ်ချက်များကို လမ်းညွှန်မှုများအဖြစ် သတ်မှတ်သွားမည် ဖြစ်ပါသည်။ ထို့အပြင် ယင်းလိုအပ်ချက်များကို အထောက်အကူပြုနိင်မည့် အောက်ဖော်ပြပါ နည်းလမ်းများကိုလည်း အသုံးပြုသွားပါမည်။

(က)    ပထမ၊ တည်ငြိမ် ငြိမ်းချမ်းမှုကို ထိန်းသိမ်းရမည့်လိုအပ်ချက်မှာ ပဓာနကျပါသည်။ ယင်းလိုအပ်ချက် ကို ဖြည့်ဆည်းပေးမည့် တပ်မတော်၏ အခန်းကဏ္ဍကို အလေးအနက် အသိအမှတ်ပြုရပါမည်။ မြန်မာ့စီးပွားရေး အမြင်သည် ဤအမျိုးသားရေး လိုအပ်ချက်ကို အထောက်အကူပြုမည်ဖြစ်ပါသည်။ ဤအမြင်တွင် ပြည်သူလူထု၏ လူနေမှု အဆင့်အတန်း တိုးမြင့်နိုင်ရေး၊ ၎င်းတို့၏လိုအပ်ချက်များနှင့် ရည်မှန်းချက်များကို  ဖြည့်ဆည်းပေးနိုင်ရေးတို့ အတွက် လိုအပ်သော အဆိုပြုချက်များ၊ စီမံချက်များကို ချမှတ်ရေးဆွဲ တင်ပြသွားမည်ဖြစ်ပါသည်။ ဤကဲ့သို့ ပြည်သူ့ အကျိုးဆောင်မှုများသည် တိုင်းပြည်၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရာတွင် အလွန်အရေးကြီးသဖြင့် အထူးအလေးပေး ဆောင်ရွက်သွားမည်ဖြစ်သည်။

(ခ)     ဒုတိယ၊ အမျိုးသားညီညွတ်ရေးသည် လေးလေးနက်နက် ဆောင်ရွက်ရမည့် အခြားကိစ္စတခုဖြစ်ပါ သည်။ မြန်မာ့ စီးပွားရေးအမြင်သည် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုး များအားလုံး၏   ရိုးရာအမွေအနှစ်များ၊ ဓလေ့ထုံးစံများကို ထိန်းသိမ်းသွားမည် ဖြစ်ပါသည်။ ထို့အပြင်၊ တိုင်းရင်းသား လူမျိုးများအချင်းချင်း အပြန်အလှန်လေးစားမှုများ၊ နားလည်မှုများ ပိုမိုရှင်သန်လာစေရန် ဦးတည်ဆောင်ရွက်သွား မည်ဖြစ်သဖြင့် အမျိုးသားညီညွတ်ရေးကိုလည်း အထောက်အကူပြုမည်ဖြစ်ပါသည်။

(ဂ)     တတိယ၊ မြန်မာ့စီးပွားရေးအမြင်သည် တပ်မတော်နှင့် ပြည်သူရဲတပ်ဖွဲ့ဝင်များက ဆောင်ကြည်း ပေးမည့် လုံခြုံရေးကိစ္စများသာမက စီးပွားရေးနှင့်လူမှုရေးဆိုင်ရာ လုံခြုံရေးကိစ္စများကိုလည်း အထူးဆောင်ရွက်သွား မည်ဖြစ်ပါသည်။ စီးပွားရေးနှင့် လူသားလုံခြံုရေး အစီအမံများသည် မြန်မာနိုင်ငံ၏ ခေတ်မှီတိုးတက်ရေးဖြစ်စဉ်တွင် အလွန်တရာအရေးပါလာမည့် ကိစ္စများဖြစ်ပါသည်။

(ဃ)    နောက်ဆုံးအနေဖြင့် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ ပိုင်ဆိုင်ခြင်းသည် နိုင်ငံတစ်နိုင်ငံအား ပြည်တွင်းတွင်သာမက နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ဆက်ဆံရေးတွင်ပါ မိမိကြမ္မာကို မိမိဖန်တီးခွင့် ပေးထားပါ သည်။ ထို့အပြင်လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာပိုင်ဆိုင်မှု အဓွန့်ရှည်ရေးသည် နိုင်ငံတနိုင်ငံအနေဖြင့် မိမိနိုင်ငံသားတိုင်း၏ လူမှုရေးနှင့်စီးပွားရေး ဖွံ့ဖြိုးမှုကို တာဝန်ယူဆောင်ရွက်ပေးနိုင်ရန် အဓိက လိုအပ်ချက်ဖြစ်ရုံ သာမက၊ ကမ္ဘာ့အရေးတွင် တာဝန်သိသိ ရပ်တည်နိုင်ရန်အတွက်လည်း အရေးပါပါသည်။ နိုင်ငံတော်က နိုင်ငံသားများအပေါ် ထားရှိအပ်သော တာဝန်ဝတ္တရားများ ကျေပွန်ရန်အလို့ငှာ၊ မြန်မာ့စီးပွားရေး အမြင်သည် မြန်မာ့ ရိုးရာယုံကြည်မှုများ၊ ထုံးတမ်းစဉ်လာများနှင့်အညီ၊ မိမိနိုင်ငံသူနိုင်ငံသားများ၏ လူမှုဖူလှုံရေးကို နိုင်ငံက တာဝန်ယူပေးရမှု၊ ပြည်သူတို့၏ လိုအပ်ချက်များကို အစဉ်အမြဲ နားလည်ဖြည့်ဆည်းပေးရမှု၊ ပြည်သူများ အကျိုးရှိမည့်ကိစ္စများကို ဆရာတော် အရှင်မြတ်များနှင့် ရှေ့မီနောက်မီလူကြီးများ၊ ဆရာသမားများအား တိုင်ပင်နာခံမှုစသည့် အစဉ်အလာကောင်းများကိုပါ ထည့်သွင်း ဖော်ပြသွားမည်ဖြစ်ပါသည်။ မြန်မာ့စီးပွားရေး အမြင်တွင် ထည့်သွင်းထားသောအချက်များက မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာနှင့် သက်ဆိုင်သော တာဝန် ၀တ္တရားများကိုဖြည့်ဆည်းရာတွင်လည်း ပို၍ထိရောက် စွာဆောင်ရွက်ရန် အထောက်အကူပြုသွားမည် ဖြစ်ပါသည်။

(၄)     နည်းလမ်းနှင့် အကြောင်းအရာ

မြန်မာပြည်သူများသည် ကိုုယ့်အားကိုယ်ကိုးမှုကို တန်ဖိုးထားကြရာ မြန်မာတို့လိုလား တောင့်တနေသော ရည်မှန်းချက်များ ပြည့်ဝရန်မှာ မြန်မာပြည်သူများအပေါ်တွင် လုံးလုံးမူတည်နေသည်ဟူသော အခြေခံမူဖြင့်  မြန်မာ့ စီးပွားရေးအမြင်ကို ရေးဆွဲကြမည်ဖြစ်ပါသည်။

ယင်းသို့ ကိုယ့်အားကိုယ်ကိုးရေးမူဖြင့် ဆောင်ရွက်နေစဉ်မှာပင်၊ မြန်မာနိုင်ငံသည် အခြားနိုင်ငံများ နည်းတူ ကမ္ဘာတဝှမ်းလုံးတွင် ဖြစ်ပေါ်တိုးတက်လျက်ရှိသော အသိပညာ၊ အတတ်ပညာ၊ နည်းပညာနှင့် အခြားအရင်း အမြစ်များကို စနစ်တကျရယူ စုဆောင်း အသုံးချသွားမည်ဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံသည် အိမ်နီးချင်း နိုင်ငံများနှင့် ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရမည့် အကျိုးတူကိစ္စများ ဘုံပြဿနာများကို အတူတကွ ဆွေးနွေးဖလှယ် ညှိနှိုင်းဖြေရှင်းသွားမည်ဖြစ်ပါသည်။ ယင်းသို့ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ၏ လိုအပ်ချက်များ၊ ဦးစားပေး ချက်များ၊ အခြေအနေများနှင့် ရည်မှန်းချက်များကိုပါ ထည့်သွင်းစဉ်းစားသွားပါမည်။ မြန်မာ့စီးပွားရေးအမြင်သည် ပြည်ပမှ ရယူနိုင်မည့် အခွင့်အလမ်းများကို မည်သို့အကောင်းဆုံးရယူနိုင်မည် ဆိုသည့်အချက်ကို အထူးအားထုတ် သွားပါမည်။

မြန်မာ့စီးပွားရေး အမြင်ကိုပြုစုရာ၌ လိုရင်းတိုရှင်း၊ လူတိုင်း နားလည်လွယ်မည့်နည်းဖြင့် ဆွေးနွေးသွား မည်ဖြစ်ပြီး၊ မြန်မာ-အင်္ဂလိပ်နှစ်ဘာသာဖြင့် တင်ပြသွားမည်ဖြစ်ပါသည်။

မြန်မာ့စီးပွားရေးအမြင်ကို အပိုင်းသုံးပိုင်းခွဲခြားတင်ပြသွားပါမည်။ ပထမပိုင်းမှာ မြန်မာနိုင်ငံအနေဖြင့် မည်သည့်ပန်းတိုင်ကို သွားလိုသနည်း။ ထိုပန်းတိုင်သို့ရောက်အောင် မည်သို့သွားကြမည်နည်း။ ဤအပိုင်းကို ''အမြင်နှင့် မဟာဗျူဟာ'' ဟု ခေါ်ဆိုပါမည်။ ဒုတိယပိုင်းမှာ၊ မည်သည့် လုပ်ငန်းဆောင်တာများ ဆောင်ရွက်ခြင်းဖြင့် မိမိတို့မျှော်မှန်းထားသည့် ရည်မှန်းချက်များကို ရယူနိုင်မည့် နည်းပင်ဖြစ်ပါသည်။ ဤအပိုင်းတွင် မည်သည့် ပေါ်လစီများ၊ စီမံချက်များကို ချမှတ်ဆောင်ရွက်ခြင်းဖြင့် မြန်မာ့စီးပွားရေးအမြင်ကို လက်တွေ့အကောင်အထည်  ဖော်နိုင်မည်နည်း ဟူသည်ကို တင်ပြသွားမည်ဖြစ်ရာ ''လက်တွေ့လုပ်ငန်းစဉ်'' ဟု ခေါ်ဆိုနိုင်ပါမည်။ တတိယပိုင်းမှာ၊ လုပ်ငန်းစဉ်၏ အကောင်အထည်ဖော်မှုများကို ''အကဲခတ်စီစစ်ရေး'' လိုအပ်ချက်များပင် ဖြစ်ပါသည်။ ယင်းစီစစ် မှုသည် မိမိတို့၏ ရည်မှန်းချက်များကို အထမြောက်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခြင်း ရှိ/မရှိကို ချိန်ထိုး လေ့လာနိုင်ယုံမျှမက၊ အချိန်နှင့်အမျှ ပြောင်းလဲလာမည့် အခွင့်အလမ်းအသစ်များ၊ အကြောင်းအရာသစ်များ၊ အခြေအနေသစ်များနှင့် လျော်ညီမည့် ပြင်ဆင်ဖြည့်စွက်ချက်များကိုပါ တစ်ပါတည်း သုံးသပ်ဆောင်ရွက်သွားနိုင်မည် ဖြစ်ပါသည်။

(၅) ကနဦး အခြေအနေများ

မိမိတို့၏ ဦးတည်ချက်များနှင့် ထိုဦးတည်ချက်များကို အောင်မြင်စေမည့် နည်းလမ်းများကို စဉ်းစား ကြရာတွင် မိမိတို့ လက်ရှိရောက်နေသည့် အနေအထားနှင့် အခြေအနေမှန်များကို အရှိကိုအရှိ အတိုင်း သိထားရန် လိုပါသည်။ ယင်းကို ''ကနဦး အခြေအနေများ'' ဟု ခေါ်ဆိုပါမည်။ ဤအခြေအနေများကို သိနိုင်ရန် နိုင်ငံ၏ လက်ရှိစီးပွားရေး၊ လူမှုရေးအခြေအနေများ၊ လက်ဝယ်ပိုင်ဆိုင်နေသည့် အရင်းအမြစ်များ (သဘာဝ သယံဇာတများ၊ လူသားတို့က တည်ဆောက်ထားသော ရုပ်ဝတ္ထုများနှင့် လူသားအရင်းအမြစ်များ)နှင့် အခြား လိုအပ်သော စည်းမျဉ်း စည်းကမ်းများ၊ အဖွဲ့အစည်းများနှင့် မူဝါဒများ စသည်တို့ကို တိကျစွာသုံးသပ်ကြရန် လိုပါသည်။

မြန်မာ့စီးပွားရေးအမြင်သည် ရေရည်ဆောင်ရွက်သွားရန် ကိစ္စဖြစ်သော်ငြားလည်း လတ်တလော တွေ့ကြံု  နေရသည့် ရေတိုကိစ္စများကိုလည်း လျစ်လျှူရှုမည်မဟုတ်ပါ။ လူသားချင်း စာနာထောက်ထားမှုအရ  ဆောက်ရွက်ရ မည့်ကိစ္စများ၊ လူမှုရေးစီးပွားရေးအစရှိသည့် အရေးပေါ်လိုအပ်ချက်များကိုပါ ဆောင်ရွက်သွားမှသာလျှင်   ရေရှည် ရည်မှန်းချက်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်မည်ဖြစ်ပါသည်။

(၆) အဓိကဇာတ်ဆောင်များ

မြန်မာ့စီးပွားရေးအမြင် အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရန်မှာ အောက်ပါအဓိက ဇာတ်ဆောင် များ၏ ပါ၀င်ကူညီမှု လိုအပ်ပါသည်။

(က) ပထမ၊ တပ်မတော်သည် အရေးကြီးသော အခန်းကဏ္ဍမှ ပါ၀င်ရန်လိုပါသည်။ တပ်မတော်၏ ပူးပေါင်းဆောင်ရွက်မှုနှင့် အကူအညီများသည် မြန်မာ့စီးပွားရေးအမြင် ရည်မှန်းချက်များ အောင်မြင်ရေးအတွက် မရှိမဖြစ် လိုအပ်ပါသည်။ ဤအမြင်တွင် တပ်မတော်သည် အရည်အသွေးထက်မြက်ပြီး၊ လက်နက်ယန္တရားအပြည့် အဝတပ်ဆင်ထားသည့် ခေတ်မှီတပ်မတော်အဖြစ် ပေါ်ထွန်းလာရေးကိုလည်း ဦးတည်ပါသည်။

(ခ) နိုင်ငံရေးပါတီများအနေဖြင့်၎င်းတို့ ရှေ့ဆက်ရမည့် လုပ်ငန်းစဉ်များကို ရေရေရာရာ ဖော်ထုတ်နိုင်ရန် အားပေးရမည်ဖြစ်ကြောင်း ပြီးခဲ့သည့်နှစ်များတွင် ရရှိခဲ့ကြသော အတွေ့အကြံုများက သင်ခန်းစာပေးခဲ့ပြီးဖြစ်သည်။ နိုင်ငံရေးပါတီများက တိုင်းပြည်အတွက် အရေးပါသော ကိစ္စကြီးများကို ဖြေရှင်းကြရာတွင် ပါ၀င်ဆောင်ရွက်နိုင်ရန် လမ်းဖွင့်ပေးကြရပါမည်။

(ဂ) တတိယ၊ မြန်မာ့စီးပွားရေးအမြင် အောင်မြင်ရေးအတွက် အကောင်အထည်ဖော်ရာတွင် တိုင်းရင်းသား လူမျိုးများ ပါ၀င်လှုပ်ရှားနိုင်သည့် အခန်းကဏ္ဍများကိုလည်း ထည့်သွင်းထားပါသည်။ ဤ မြန်မာ့စီးပွားရေးအမြင် တွင် တိုင်းရင်းသားလူမျိုးများ၏ ရှုထောင့်များ၊ ဆန္ဒများနှင့် မျှော်မှန်းချက်များကို လေးစားရမည်ဆိုသော အချက်ကို အသေအချာ ထည့်သွင်းထားပါမည်။ ၎င်းတို့၏ယဉ်ကျေးမှု၊ ထုံးတမ်းစဉ်လာများကို လေးစားရန်နှင့် ၎င်းတို့၏ ကွဲပြား ခြားနားမှုများကပင် မြန်မာ့လူ့ဘောင်၏ တန်ဖိုးများအဖြစ် ရှုမြင်ကြရန် အလေးထားပါမည်။ လူ့ဘောင်သစ် တည် ထောင်ရာတွင် ၎င်းတို့နှင့် တန်းတူမဟာမိတ်များအဖြစ် ဆက်ဆံပါမည်။ ထို့အပြင် ပထဝီအနေ အထားကွဲပြားခြင်းနှင့် အခြား အားနည်းချက်များရှိခြင်းကြောင့် ဖွံ့ဖြိုးမှုအသီးအပွင့်များကိုသာ တူညီမျှ မခံစားရပါကလည်း အထူးပံ့ပိုးမှုများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း တင်ပြသွားမည်ဖြစ်ပါသည်။

အထက်ပါ အဓိကဇာတ်ဆောင်များအပြင် မြန်မာ့စီးပွားရေးအမြင်သည် တောင်သူလယ်သမားများ၊ အလုပ် သမားများ၊ တတ်သိပညာရှင်များ၊ ကျွမ်းကျင်သူများ၊ အမျိုးသမီးများနှင့်လူငယ်များ၏ လိုအင်ဆန္ဒများ ဖြည့်ဆည်း နိုင်ရေးကိုလည်း ထည့်သွင်းဖော်ပြသွားမည်ဖြစ်ပါသည်။

(၇) အမြင်နှင့် မဟာဗျူဟာ

မြန်မာ့စီးပွားရေးအမြင် စာတန်းတွင် အပိုင်းသုံးပိုင်းရှိသည့်အနက် ပထမဦးဆုံးအပိုင်းဖြစ်သည့် ''အမြင်နှင့် မဟာဗျူဟာ'' အပိုင်းသည် အရေးကြီးဆုံးဖြစ်ပြီး အောက်ပါ ဦးစားပေးကိစ္စသုံးရပ်အား တင်ပြလိုပါသည်။

(က) စီးပွားရေးကိစ္စရပ်များ ပုဂ္ဂလိကကဏ္ဍကဦးဆောင်၍ နိုင်ငံတော်အစိုးရ၏ ပံ့ပိုးအကူအညီဖြင့် တိုင်းပြည် သယံဇာတအရင်းအမြစ်များကို ထိထိရောက်ရောက် ရေရှည်အသုံးချနိုင်ပြီး မြန်မာပြည်သူအားလုံး၏ လူနေမှု အဆင့် အတန်းကို မြှင့်တင်သွားနိုင်မည့် ဘက်စုံစီးပွားရေးဖွံ့ဖြိုးမှုကို ဆောင်ရွက်သွားနိုင်ရန်  လေ့လာတင်ပြ သွားမည် ဖြစ်ပါသည်။

(ခ) လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး။ ဤအခန်းတွင် ကျန်းမာရေး၊ ပညာရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးအစရှိသည့် ကိစ္စများကို သုံးသပ်တင်ပြသွားမည် ဖြစ်ပါသည်။ ပုဂ္ဂလိကကဏ္ဍမှ ဦးဆောင်မည့် ဈေးကွက်စီးပွားရေးစနစ် ဖွံ့ဖြိုးအောင်လုပ်ရာတွင် အမှီမလိုက်နိုင်ဘဲ နောက်ကျကျန်နေခဲ့မည့် အားနည်းသူများကို စောင်မကူညီပေးသော လူမှုဖူလှုံရေး အစီအစဉ်များလည်း ပါရှိရမည်ဖြစ်ပါသည်။ မဖြစ်မနေ အကူအညီပေးရန် လိုအပ်သည့် အင်အားချို့တဲ့သောအုပ်စုများတွင် ဆင်းရဲသားများ၊ သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများ၊ လူငယ်များ၊ ဒုက္ခိတများနှင့် ဝေးလံခေါင်ပါးအရပ်ဒေသမှ ပြည်သူများ ပါ၀င်ပါသည်။

(ဂ) နိုင်ငံတကာနှင့် ဒေသအသိုင်းအဝိုင်းနှင့် ပိုမိုပူးပေါင်းဆောင်ရွက်ရေး။ အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်ရေးနှင့် စီးပွားရေးဆက်နွယ်မှုများ တိုးပွားလာခြင်းကြောင့် ဒေသတွင်း စီးပွားရေးတွင် မြန်မာနိုင်ငံ၏ ပါ၀င်ဆင်နွှဲမှုသည် ပို၍အရေးကြီးလာပါမည်။ ထို့ကြောင့်၊ မြန်မာနိုင်ငံသည် ဒေသအတွင်း ဖြစ်ပေါ်တိုးတက်နေသော စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေးတိုးတက်မှုများမှ အကျိုးခံစားခွင့်များ ရရှိမည်ဖြစ်ပါသည်။ နှစ်ဆယ့်တစ်ရာစုအတွင်း ဖြစ်ပေါ်လျက်ရှိသော သတင်းတော်လှန်ရေးနှင့် ဂလိုဘယ်လိုက်ဇေးရှင်း (Globalization) ဖြစ်စဉ်မှ အခွင့်အလမ်း များကို မြန်မာနိုင်ငံအနေဖြင့် အသုံးချနိုင်ပြီး၊ တပြိုင်နက်တည်းတွင် ထိုဖြစ်စဉ်တို့ကြောင့် ပေါ်ပေါက်လာသော ဆိုးကျိုးများကိုလည်း ကာကွယ်ရမည်ဖြစ်ပါသည်။ သို့ဖြစ်၍ မြန်မာနိုင်ငံသည် ပြင်ပကမ္ဘာနှင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများ ပို၍အရှိန်မြင့်ရမည့်အချိန်ကောင်းသို့ ဆိုက်ရောက်လာပြီ ဖြစ်ပါသည်။

ကျွန်တော့်အနေဖြင့် ယခုကဲ့သို့ စီးပွားရေး မဟာဗျူဟာမူကြမ်းကို တင်ပြပြီးသည့်အခါ မည်သို့ဆက် ဆောင်ရွက်နိုင်မည်ကို တင်ပြလိုပါတယ်။ ယခု နောက်ဆုံးတင်ပြမည့်ကိစ္စဟာ လတ်တလော မြန်မာ့စီးပွားရေး အခြေအနေနှင့် ပတ်သက်ပြီး အများစိတ်ပူနေသည့် ကိစ္စဖြစ်ပါတယ်။ ဒီကိစ္စဟာ ယခုအစိုးရသစ်ရဲ့  စီးပွားရေး စီမံခန့်ခွဲမှုနဲ့လည်း ဆက်စပ်နေလို့ အကဲဆတ်ပြီး ခက်ခဲတဲ့သုံးသပ်ချက်တစ်ရပ်လည်း ဖြစ်ပါတယ်။

အဘယ့်ကြောင့်ဆိုသော် လက်ရှိအစိုးရဟာ အများပြည်သူ ရွေးချယ်တင်မြှောက်လိုက်တဲ့ အစိုးရဖြစ်နေပြီး  ပြောင်းလဲမှုကို ဦးစားပေးဆောင်ရွက်မယ်ဟု ကတိပြုခဲ့ပါသည်။ ကျွန်တော်တို့အားလုံးကလည်း ယင်းကတိအား ဖြည့်ဆည်းအောင်မြင်စေချင်ပါတယ်။ ထို့အပြင် ယခုနိုင်ငံတော်တွင် ရင်ဆိုင်နေရသည့်အခက်အခဲတွေကို ကျော်လွှား နိုင်ရန် ကျွန်တော်တို့အားလုံးက ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်သည်ကိုလည်း ယုံကြည်ပါသည်။

လက်ရှိအစိုးရ၏ စေတနာနှင့် အားစိုက်ဆောင်ရွက်မှုများကို ယုံမှားသံသယမရှိပါ။ ထို့အပြင် မိမိတို့ သတင်းစာများတွင် ထည့်သွင်းဖော်ပြထားခဲ့သည့် လုပ်ငန်းရလဒ်များကိုလည်း အသိအမှတ်ပြုပါသည်။ ဒါပေမဲ့ လွန်ခဲ့သော နှစ်နှစ်အတွင်း အစိုးရ၏ ဆောင်ရွက်ခဲ့သည့်ရလဒ်များကို ကျွန်တော်တို့ မျှော်လင့်ထားတာထက် လျော့နည်းနေတယ်လို့ ခံစားနေရပါတယ်။

မျှော်လင့်ချက်ကိစ္စနှင့်ပတ်သက်၍ ထပ်ပြောရမယ်ဆိုလျှင် စီးပွားရေးလုပ်ငန်းရှင်များနှင့့် ရင်းနှီးမြုပ်နှံ သူများ၏  မျှော်လင့်ချက်အဆင့်တွေဟာ (က) အဆင့်မြင့် (ခ) အဆင့်နိမ့်နှင့် (ဂ) ဘာကိုမျှော်မှန်းရမှန်း မသိသည့် အဆင့်တို့ ဖြစ််ပါသည်။ မြန်မာနိုင်ငံသည် အဆင့် (ဂ) တွင် ရှိသည့်အတွက် စီးပွားရေးမှာလည်း ရပ်တန့်နေပါသည်။ စီးပွားရေးကိုပြန်လည် လည်ပတ်ရန် ကျွန်တော်တို့၏ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အားကိုးရပါမယ်။

ဒေါ်အောင်ဆန်းစုကြည်သည် သူမရဲ့ သတ္တိ၊ ကြံကြံခံနိုင်မှု၊ စိတ်ဒုံးဒုံးချကြိုးပမ်းမှုတွေအတွက် ကြီးမြတ်တဲ့ ဂုဏ်သိက္ခာတွေနဲ့ အထူးလေးစားခံရမှုတွေကို ပိုင်ဆိုင်ထားသူပါ။ ကျွန်တော်တို့ တိုင်းပြည်ရဲ့ ပြည်သူအများစု ကလည်း သူမရဲ့နောက်မှာရှိနေပါတယ်။ သူမသည် ကျွန်တော်တို့ စီးပွားရေးတိုးတက်အားကောင်းမှုကို ပြန်လည် တည်ဆောက်ပေးမည်ဟု ကျွန်တော်ယုံကြည်ပါသည်။ ထိုသို့ဆောင်ရွက်နိုင်ရန် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အောက်ပါအချက်တွေကို လုပ်ဆောင်ပေးဖို့ စဉ်းစားပေးပါရန် တင်ပြအပ်ပါတယ်။

(က) ပထမအနေဖြင့် စီးပွားရေးကဏ္ဍတွင် ငြိမ်းချမ်းရေးတည်ဆောက်မှုနဲ့အတူ ထိပ်ဆုံးဦးစားပေးအဖြစ် သတ်မှတ်ထားကြောင်း ရှင်းလင်းပြတ်သားစွာ ထုတ်ပြန်ကြေညာပေးရန်ဖြစ်ပါသည်။ ငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှု ထိန်းသိမ်းရေး၊ ပြည်ပထွက်သွားသူတွေ သူတို့ဆန္ဒအတိုင်း ပြန်လာနိုင်ရေး၊ ပြန်လည်အခြေချနေထိုင်ရေးနဲ့ ပြုစု ပျိုးထောင်ရေးတို့အတွက် စီးပွားရေးရှင်သန်တိုးတက်နေမှုက မရှိမဖြစ်လိုအပ်ပါတယ်။

(ခ) ဒုတိယအနေဖြင့် အဓိကအရေးပါတဲ့ သက်ဆိုင်သူအားလုံးက ထောက်ခံနိုင်တဲ့ စီးပွားရေးမဟာဗျူဟာ တစ်ခုရေးဆွဲပေးပါရန် နမူနာအခြေခံအချက်တွေကို အထက်တွင် ဖော်ပြထားပြီးဖြစ်ပါတယ်။ ဒီအချက်တွေက စဉ်းစားဖို့အတွက် အကြံပြုမှုသာဖြစ်ပါတယ်။ ထို့အတွက်ကြောင့် မဟာဗျူဟာရေးဆွဲရာမှာ တင်ပြထားသော နမူနာကို လိုအပ်သင့်တော်သလို ပြင်ဆင်ပြောင်းလဲတာတွေ လုပ်ပေးသင့်ပါတယ်။ ဒီမဟာဗျူဟာအကြမ်းကို ရေးဆွဲ ပြုစုပြီး လွှတ်တော်ထံ တရားဝင်အထောက်အထားအဖြစ် အတည်ပြုပေးဖို့လည်း တင်ပြနိုင်ပါတယ်။

(ဂ) တတိယအချက်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ သူမရဲ့ စီးပွားရေးကော်မတီအဖွဲ့ဝင်တွေ၊ စီးပွားရေး အကြံပေးတွေ၊ ပြည်တောင်စုအဆင့်နဲ့ ပြည်နယ်နဲ့တိုင်းဒေသကြီးအဆင့်မှာ စီမံကိန်း၊ ဘဏ္ဍာရေး၊ ကုန်သွယ်ရေးကိစ္စတွေနှဲ့ ဗဟိုဘဏ်အဆင့် ငွေကြေးရေးရာကိစ္စတွေမှာ အဓိကလုပ်ဆောင်နေတဲ့ အရာရှိတွေနဲ့ မကြာခဏ၊ အနှစ်သာရရှိရှိ အမြင်ဖလှယ်မှုတွေ လုပ်ပေးသင့်ပါတယ်။ ဒီပုဂ္ဂိုလ်တွေအနေနဲ့ လွတ်လွတ်လပ်လပ်နဲ့ ပွင့်ပွင့်လင်းလင်းပြောနိုင်ဖို့ အခွင့်အလမ်းတွေပို ဖန်တီးပေးဖို့နဲ့အားပေးဖို့၊ နောက် သူတို့အကြံတွေကို ဆုံးဖြတ်ချက်ချ ရာမှာထည့်သွင်းစဉ်းစားပေးဖို့ အကြံပြုလိုပါတယ်။ သူတို့တာဝန်ထမ်းဆောာင်ရာမှာလည်း အမှီအခိုကင်းကင်းနဲ့ လွတ်လွတ်လပ်လပ် လုပ်နိုင်ဖို့နဲ့ သူတို့ရဲ့ကျွမ်းကျင်တဲ့ကဏ္ဍတွေမှာ သူတို့ကိုယ်တိုင်ဆုံးဖြတ်ချက်ချ လုပ်ဆောင်နိုင်ဖို့ လုပ်ပိုင်ခွင့်များ ပေးသင့်ပါတယ်။

(ဃ) နောက်ဆုံးအနေဖြင့် ကျွန်တော်အရင်ရှင်းပြခဲ့သလိုပဲ ကျွန်တော်တို့ လက်ရှိရထားတဲ့ ရွေးကောက်ခံ အစိုးရဟာ လက်ရှိအခြေအနေကနေ ရှေ့ဆက်လှမ်းတက်နိုင်ဖို့ အခွင့်အလမ်းကောင်းတစ်ခု ဖြစ်နေပါတယ်။ ဒီအခွင့် အလမ်းကောင်းကို အသုံးချနိုင်ဖို့ စီးပွားရေး၊ ဘဏ္ဍာရေး၊ အုပ်ချုပ်ရေးနဲ့ အခြားအရေးပါတဲ့ ကဏ္ဍတွေမှာ ကျွမ်းကျင် ပိုင်နိုင်ကြောင်း သက်သေထူပြီးသားသူတွေ အများကြီးရှိထားပြီးဖြစ်ပါတယ်။ ဒါကြောင့်မို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်အနေနဲ့ ဒီကျွမ်းကျင်သူတွေနဲ့တွေ့ဖို့၊ သူတို့ပြောတာတွေနားထောင်ကာ သူတို့ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ ကို မှတ်သားပြီး၊ သူတို့အကြံပြုချက်တွေကိုစဉ်းစားပေးရာမှာ ဆန္ဒမစောစေအောင်ထိန်းပေးဖို့နဲ့ သူတို့အကြံတွေယူပြီး အတိုင်ပင်ခံရဲ့ ဦးဆောင်မှုအောက်မှာ စီးပွားရေးပြန်လည်တိုးတက် ရှင်သန်အားကောင်းလာနိုင်ရေးအတွက် လက်တွေ့အစီအစဉ်များကို စနစ်တကျ အချိန်ယူလုပ်ဆောင်ဖို့  အကြံပြုလိုပါတယ်။

ကျွန်တော့တင်ပြချက်ကို ဒီမှာပဲနိဂုံးချုပ်လိုက်ပါတယ်။ နှစ်သစ်ကို မကြာခင်ရောက်တော့မှာမို့ တက်ရောက် လာသူအားလုံးအတွက် ပျော်ရွှင်စရာကောင်းတဲ့ မင်္ဂလာနှစ်သစ်ဖြစ်ပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။ ခုလို စိတ်ဝင်တစားနားထောင်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။


 

ဦးမြင့် ၏ ကိုယ်ရေးရာဇဝင်

ဦးမြင့်သည် ရန်ကုန်တက္ကသိုလ်မှ အင်္ဂလိပ်အနုစာပေ၊ နိုင်ငံရေးသိပ္ပံနှင့် ဘောဂဗေဒဘာသာရပ်များဖြင့်  B.A ဘွဲ့ရရှိခဲ့ပြီး အမေရိကန်နို်င်ငံ Cornell University တွင် M.A ဘောဂဗေဒနှင့် University of California, Berkeley မှ Ph.D ဘောဂဗဒဘွဲ့ ရရှိခဲ့ပါသည်။

ဦးမြင့်သည် အောက်ပါရာထူးတာဝန်များကို ထမ်းဆောင်ခဲ့ပါသည်။ “လက်ထောက်ကထိက စီးပွားရေး တက္ကသိုလ်၊ ကထိကနှင့် ဌာနမှူး၊ ဘောဂဗေဒဌာန ပညာရေးတက္ကသိုလ်၊ ဌာနမှူး စီးပွားရေးဌာန နိုင်ငံခြားရေး ၀န်ကြီးဌာန၊ အကြီးတန်းစီးပွားရေးအရာရှိ ကုလသမဂ္ဂနှင့် နိုင်ငံတော်သမ္မတ၏ စီးပွားရေး အကြံပေးအဖွဲ့ ခေါင်းဆောင်(ငြိမ်း)” ယခုအချိန်တွင်  ဦးမြင့်သည် သုတေသနနှင့် သင်ကြားပို့ချခြင်း၊ အလွတ်သဘော ဆွေးနွေး တိုင်ပင်ခြင်းနှင့် စီးပွားရေးဆွေးနွေးပွဲများတွင် ပါ၀င်ဆောင်ရွက်လျက်ရှိပါသည်။

 

[1]ဤအဖွင့်အမှာစကားကို ဦးမြင့်က အင်္ဂလိပ်ဘာသာဖြင့် ပြုစုရေးသားချက်အား မြန်မာလူမှုစီးပွားဖွံ့ဖြိုးရေးအဖွဲ့မှ ဦးဇော်ဦးနှင့်ဦးဝင်းမင်းတို့က ဘာသာပြန်ဆိုပါသည်။

[2]Quoted by Deena Khatkhate in a review of Ashok V. Desai's book, My Economic Affair (New Delhi: Wiley Eastern Limited, 1993). The book review appeared in   IMF/World Bank, Finance and Development, March 1995, vol. 32, no. 1.

[3]Emil Salim, The Indonesian Development Experience: A Collection of Writings and Speeches of Widjojo Nitisastro (Singapore: Institute of Southeast Asian Studies, 2011); pp. 26-27.

[4]David I. Steinberg, Burma: The State of Myanmar (Washington, D.C: Georgetown University Press, 2001), p. 123.

[5]Lorenzo Fioramonti, Gross Domestic Problem, the Politics Behind the World’s Most Powerful Number (London: Zed Books, 2013). Another important reference on this matter is Joseph E. Stiglitz, Amartya Sen and Jean-Paul Fitoussi, Mismeasuring our Lives: Why GDP doesn’t Add Up (New York: The New Press, 2010).

[6]Real GDP growth is GDP growth in constant prices.

[7]New Light of Myanmar, "Job opportunities, income can be increased and triple growth realized only if current volume of financial investments be doubled" (Yangon: New Light of Myanmar, 20 June 2012); p. 1

[8]မှီနိုင်ဖို့ အလွန်ကြိုးစားရဦးမည့် ဘရူးနိုင်းနှင့် စင်္ကာပူတို့ကို လောလောဆယ် ချန်လှပ်ခဲ့ပါသည်။ 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly