ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီကိုတောင် မသိကြတဲ့ တရုတ်နိုင်ငံသားအများအပြားရှိနေဟု ဆို

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီကိုတောင် မသိကြတဲ့ တရုတ်နိုင်ငံသားအများအပြားရှိနေဟု ဆို

 

 ဒီဇင်ဘာ ၂ ။       ။ ဗြိတိန်တော်ဝင် မင်းသား ဟယ်ရီနဲ့ အမေရိကန် မင်းသမီး မီဂန် မာကယ်လ်တို့ ပြီးခဲ့တဲ့ရက်ပိုင်းက စေ့စပ်လိုက်တဲ့ သတင်း၊ လာမယ့်နှစ် မေလမှာ သူတို့နှစ်ဦးလက်ထပ်ကြတော့မယ့် သတင်းက ခုရက်ပိုင်းတွေမှာ ကမ္ဘာတစ်ဝန်း သတင်းကြီးတစ်ခုအဖြစ် ပြန့်နှံ့ပေါက်ရောက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ထူးခြားတာက တရုတ်နိုင်ငံမှာတော့ ယင်းသတင်းဟာ အထူးတလည်   ဟော့မဖြစ်ခဲ့ဘဲ ပြည်သူတွေအနေနဲ့ ဘာမှန်းတောင် မသိလိုက်ကြပါဘူး။

လေ့လာချက်တွေအရ တရုတ်နိုင်ငံသားအများအပြားဟာ ဗြိတိန် မင်းသား ဟယ်ရီထက်စာရင် ဟယ်ရီပေါ်တာကို ပိုသိကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက အေအက်ဖ်ပီ သတင်းဌာနက တရုတ်နိုင်ငံမှာ လူမျိုးပေါင်းစုံရှိတဲ့ မြို့ကြီးတစ်ခုဖြစ်တဲ့ ရှန်ဟိုင်းမြို့က လမ်းမတွေပေါ်မှာ လမ်းသွားလမ်းလာတွေကို ဗြိတိန်တော်ဝင်မင်းသားတို့ စုံတွဲရဲ့ ပုံကို ပြပြီး ဒါ ဘယ်သူတွေလဲဆိုကာ မေးမြန်းစပ်စုကြည့်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီလို မေးမြန်းကြည့်ရာမှာတော့ လမ်းသွားလမ်းလာ ဆယ်ဦးအနက် သုံးဦးလောက်ကပဲ ကမ္ဘာပေါ်မှာ အကျော်ကြားဆုံးအမျိုးသားတစ်ဦးလို့ ဆိုရမယ့် ဗြိတိန်မင်းသား ဟယ်ရီကို သိကြတာကို တွေ့ရပါတယ်။ ပိုဆိုးတာက မေးမြန်းကြည့်သူအားလုံးက ဟယ်ရီလက်ထပ်မယ့် မိန်းကလေးရဲ့ နာမည်ကိုတောင် မသိကြပါဘူး။

"သမ္မတလား၊ ဟုတ်တယ်မလား၊ သမ္မတနဲ့ သူ့ဇနီးလား" ဆိုပြီး ဟူဂျယ်အမည်ရ လက်ဝတ်ရတနာဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက ပုံကို ကြည့်ပြီး ပြောသွားပါတယ်။

လမ်းသွားသူ နှစ်ယောက်ကတော့ မင်းသား ဟယ်ရီတို့ ပုံကို အေအက်ဖ်ပီ သတင်းထောက်ရဲ့ ပုံလို့တောင် ထင်နေကြတယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံသား နောက်တစ်ဦးကလည်း သူ့အနေနဲ့ ဗြိတိန်တော်ဝင် မိသားစုထဲက တစ်ဦးကိုတော့ သိကြောင်း၊ အဲဒီလူူရဲ့ နာမည်က ဒေးဗစ်ဘက်ခမ်း ဖြစ်ကြောင်း ဖြေသွားပါတယ်။

ယခုလို မင်းသား ဟယ်ရီတို့ကို မသိသူ တွေများတယ်လို့ ဆိုပေမယ့်လည်း သိသူ တစ်ချို့လည်း ရှိကြပါတယ်။

" အိုး၊ သူက မင်းသား ဟယ်ရီမလား၊ သူ စေ့စပ်လိုက်ပြီလေ၊ နေပါဦး သူ့အမျိုးသမီးက အမေရိကန် မင်းသမီးလေ၊ နာမည်တော့ ကျွန်မမသိဘူး၊ ဆော်ရီး" ဆိုပြီး ဂူဂျင်ဂျွန် အမည်အရ ဟိုတယ်မန်နေဂျာတစ်ဦးက ပြောပါတယ်။

ယခုလို နိုင်ငံသားတွေထဲမှာ ဗြိတိန်မင်းသား ဟယ်ရီကို မသိကြသူတွေ များနေတယ်ဆိုပေမယ့် တရုတ်နိုင်ငံပိုင် သတင်းမီဒီယာဖြစ်တဲ့ ဆင်ဟွာသတင်းဌာနကတော့ ယင်း တော်ဝင်မင်းသားဟယ်ရီတို့ စုံတွဲ စေ့စပ်တဲ့သတင်းနဲ့ပတ်သက်လို့ စာပိုဒ်ကိုးပိုဒ်ပါ သတင်းတစ်ပုဒ်ကို ယင်းရဲ့ အင်္ဂလိပ်ပိုင်းမှာ တင်ဆက်ဖော်ပြခဲ့ပါသေးတယ်။

တကယ်တမ်းဆိုရင်လည်း မင်းသား ဟယ်ရီထက်စာရင် အကိုဖြစ်တဲ့ မင်းသားဝီလျံကို ပိုပြီး လူသိများကြပုံ ရပြီး အဓိကအားဖြင့်တော့ သူ့ရဲ့ ဇနီးဖြစ်တဲ့ ကိတ်ကြောင့် ဖြစ်နိုင်တယ်လို့ သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly