ဘန်ကောက်၊ သြဂုတ်-၁၉ ။ ။ ယခုရက်သတ္တပတ်တွင် ဘန်ကောက်ကို ဗုံးခွဲတိုက်ခိုက်ခဲ့သူများအား အသတ်ခံရနိုင်သောကြောင့် ၎င်းတို့၏ လုံခြုံရေးအတွက် ကိုယ်တိုင် လက်နက်ချကြရန် ဝန်ကြီးချုပ် ပရာယွတ် ချန်းအိုချာက ဗုဒ္ဓဟူးနေ့က တိုက်တွန်းခဲ့သည်။
ဗိုလ်ချုပ်ကြီး ပရာယွတ်က တရားခံများမှာ ကွန်ရက်အဖွဲ့အစည်းတစ်ခု၏ အစိတ်အပိုင်းများဖြစ်ကြောင်း ပြောကြားခဲ့သည့် ရဲချုပ် ဆုမ်ယော့ ပမ်ပွန်မြောင်၏ မှတ်ချက်စကားကို ထပ်မံချဲ့ထွင်၍ အာရာဝမ်ဟိန္ဒူ ဘုရားကျောင်းနှင့် ဆာသွန်ဆိပ်ခံတံတားတို့တွင် ဗုံးခွဲရန် ၎င်းတို့ကို ငှားရမ်းသည့် နောက်ကွယ်မှ ကြိုးကိုင်သူများ၏ သတ်ဖြတ်မှုကို ခံရနိုင်သည်ဟု ပြောကြားခဲ့သည်။
‘အာဏာပိုင်တွေက ဗုံးခွဲသမားတွေကို မမိမချင်းဖမ်းဖို့ ပိုင်းဖြတ်ထားတယ်ဆိုတာ သူတို့သိတော့ နှုတ်ပိတ်ဖို့အတွက် ဗုံးခွဲသမားတွေကို သတ်ဖြတ်လာနိုင်တယ်’’ဟု ဗိုလ်ချုပ်ကြီး ပရာယွတ် ကပြောကြား ခဲ့သည်။
‘ဗုံးခွဲမှုနောက်ကွယ်ကလူတွေကို ပြောချင်တယ်။ သူတို့အနေနဲ့ လုံခြုံဘေးကင်းချင်တယ်ဆိုရင် သူတို့ကိုယ်တိုင် လက်နက်ချသင့်တယ်။ အာဏာပိုင်တွေက ဥပဒေနည်းလမ်းတွေနဲ့ သူတို့ရဲ့ အသက်အန္တရာယ်ကို အာမခံပေးဖို့ ကြိုးစားမယ်။ ပုန်းအောင်းနေတာထက်စာရင် ဒီနည်းက ပိုကောင်းပါတယ်’’ဟုလည်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
ဆက်လက်ပြီး ဗိုလ်ချုပ်ကြီး ပရာယွတ်က အကြမ်းဖက်တိုက်ခိုက်သူများမှာ အများအားဖြင့် အပျော်တန်းများဖြစ်ကြပြီး ထူးထူးဆန်းဆန်းအပြုအမူနှင့် ရုပ်ဖျက်ရန် ကြိုးစားလေ့ရှိသောကြောင့် အလွယ်တကူ သိမြင်နိုင်ကြေင်းပြောကြားရင်း လူထုအားလည်း အကြမ်းဖက်တိုက်ခိုက်ရန် စီစဉ်နေသူများကို သတိနှင့်လေ့လာ သတင်းပို့ရန် တိုက်တွန်းလိုက်သည်။