ရုရှနှင့် ဆက်သွယ်မှုကိစ္စ အက်ဖ်ဘီအိုင်ကို လိမ်လည်ထွက်ဆိုခဲ့ကြောင်း သမ္မတထရမ့်၏ အကြံပေးဟောင်း ၀န်ခံ

ရုရှနှင့် ဆက်သွယ်မှုကိစ္စ အက်ဖ်ဘီအိုင်ကို လိမ်လည်ထွက်ဆိုခဲ့ကြောင်း သမ္မတထရမ့်၏ အကြံပေးဟောင်း ၀န်ခံ

 

ဒီဇင်ဘာ ၂ ။           ။ အမေရိကန်ရွေးကောက်ပွဲမတိုင်ခင်က ရုရှနှင့်အကြား ဆက်သွယ်ပြောဆိုမှုများ ရှိခဲ့ကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်၍ ပြည်ထောင်စု စုံစမ်းစစ်ဆေးရေး ဗျူရို (အက်ဖ်ဘီအိုင်) ကိုလည်း လိမ်လည်ထွက်ဆိုခဲ့မိပါကြောင်း သမ္မတဒေါ်နယ်ထရမ့်၏ ယခင် အမျိုးသားလုံခြံုရေးအကြံပေးအရာရှိဟောင်း ဖြစ်သည့် မိုက်ကယ်ဖလင်းက ၀န်ခံထွက်ဆိုသွားခဲ့သည်။

ရွေးကောက်ပွဲမတိုင်ခင် ကာလက ထရမ့်၏ ရွေးကောက်ပွဲ မဲဆွယ်အဖွဲ့နှင့် မော်စကိုတို့အကြား ဖြစ်နိုင်ဖွယ် လျို့ဝှက်ပူးပေါင်းကြံစည်ခဲ့ခြင်း ရှိမရှိ အက်ဖ်ဘီအိုင်က စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေခဲ့စဉ် ယခုကဲ့သို့ ဖလင်း၏ ၀န်ခံထွက်ဆိုမှုကြောင့် ယင်းစုံစမ်းစစ်ဆေးမှုများကို ပိုမိုအရှိန်မြင့်လာစေခဲ့ပြီ ဖြစ်သည်။

မိုက်ကယ် ဖလင်းမှာ ယမန်နှစ် အမေရိကန် ရွေးကောက်ပွဲအတွင်း ရုရှ၏ ၀င်ရောက်ခြေရှုပ်မှု ရှိမရှိ စစ်ဆေးသည့် စုံစမ်းမှုအတွင်း စွဲချက်တင်ခံရသည့် လေးဦးမြောက်နှင့် ရာထူးအမြင့်ဆုံး ပုဂ္ဂိုလ်လည်း ဖြစ်လာခဲ့သည်။

ပြီးခဲ့သည့် ရွေးကောက်ပွဲမတိုင်ခင်က မိုက်ကယ်ဖလင်းသည် ရုရှ သံအမတ်ကြီးနှင့် နှစ်ကိုယ်ကြား တွေ့ဆုံခဲ့ပြီး ယင်းတွေ့ဆုံမှုနှင့်ပတ်သက်၍ အက်ဖ်ဘီအိုင်ကို လိမ်လည်ထွက်ဆိုခဲ့သည်ဆိုကာ ပြီးခဲ့သည့် နိုဝင်ဘာ ၃၀ ရက်က တရားစွဲဆိုခံခဲ့ရသည်။ ယင်းနောက် ဒီဇင်ဘာ ၁ ရက် တရားရုံးသို့ လာရောက်ကြားနာရာတွင် စွပ်စွဲခံထားရသည့်အတိုင်း ကျူးလွန်ခဲ့ကြောင်း ဖလင်းက ၀န်ခံလျှောက်လဲသွားခဲ့သည်။

ရွေးကောက်ပွဲ မတိုင်ခင် ရုရှသံအမတ်ကြီးနှင့် မိုက်ကယ် ဖလင်းတို့ တွေ့ဆုံပြီး အမေရိကန်က ရုရှအပေါ် ချမှတ်ထားသည့် ဆန်ရှင်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့သည်ဟု သိရသည်။

ယင်းတွေ့ဆုံစဉ်အချိန်က ဖလင်းမှာ အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦး မဟုတ်သေးဘဲ ထရမ့်၏ မဲဆွယ်ကမ်းပိန်း အကြံပေးတစ်ဦးအဖြစ်သာ ရှိနေခဲ့သည်။ သို့သော် ယင်းအချိန်ကတည်းက ၎င်းမှာ ထရမ့်သမ္မတဖြစ်လာပါက အိမ်ဖြူတော်အမျိုးသားလုံခြံုရေးအကြံပေးအရာရှိ ဖြစ်လာမည်ဟု ကြိုသိနေခဲ့ပုံလည်း ရသည်ဟု သိရသည်။

နောက်ပိုင်း ထရမ့် သမ္မတ ဖြစ်လာချိန်မှာလည်း ဖလင်းမှာ တကယ်ပင် အိမ်ဖြူတော်အမျိုးသားလုံခြံုရေးအကြံပေးအရာရှိ ဖြစ်လာခဲ့သည်။ သို့သော် နောက်ပိုင်းကာလများတွင် ၎င်းနှင့် ရုရှအကြား ဆက်သွယ်ပြောဆိုမှု သတင်းများ ထွက်လာခဲ့ခြင်းကြောင့် ယင်းရာထူးကနေ နှုတ်ထွက်ခဲ့ရသည်ဟုလည်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly