ဒီဇင်ဘာ ၂ ။ ။ နိုင်ငံတွင်းသို့ ၀င်ရောက်လာခဲ့ကြတဲ့ ဘင်္ဂါလီ ဒုက္ခသည် ထောင်ပေါင်းများစွာတို့ကို ကူညီပေးနေခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ အားထုတ်ကြိုးပမ်းနေမှုနဲ့ပတ်သက်လို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ချီးကျူးပြောဆိုသွားခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့လတွေအတွင်း အိမ်နီးချင်း မြန်မာနိုင်ငံဘက်နေ နိုင်ငံထဲ ၀င်လာကြတဲ့ ဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ်တို့ဘက်က လိုအပ်တဲ့ ကူညီထောက်ပံ့မှုတွေ လုပ်ဆောင်ပေးနိုင်ခဲ့တယ်ဆိုပြီး ပုပ်ရဟန်းမင်းကြီးက ချီးကျူးသွားတာဖြစ်ပါတယ်။
" ပြီးခဲ့တဲ့ လတွေအတွင်းက ရခိုင်ပြည်နယ်ကနေ ဒုက္ခသည်တွေ အလုံးအရင်းနဲ့ စုပြုံဝင်လာချိန်မှာ လူသားချင်းစာနာမှုအကူအညီတွေ ပေးခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်လူ့အသိုင်းအဝိုင်းရဲ့ စေတနာကောင်းမွန်မှု၊ စုစည်းညီညွတ်မှု တို့ကို ထင်ထင်ရှားရှား မြင်တွေ့ခဲ့ရပါတယ်၊ ဒုက္ခသည်တွေအတွက် လိုအပ်တဲ့ ယာယီစခန်းတွေ၊ အခြေခံလိုအပ်ချက်တွေ ဖြည့်ဆည်းထောက်ပံ့ပေးခဲ့ကြပါတယ်၊ ဒါတွေကို ကမ္ဘာ့တစ်ဝန်းက စောင့်ကြည့်နေတဲ့ မျက်လုံးတွေရှေ့မှာ လုပ်ခဲ့ကြတာပါ" လို့ ပုပ်ရဟန်းမင်းကြီးက ၎င်းရဲ့ ဘင်္ဂလားဒေ့ရှ်ခရီးစဉ်အတွင်း ပြောကြားသွားခဲ့ပါတယ်။
ဘင်္ဂါလီ ဒုက္ခသည် ၄၀,၀၀၀ ကို မူလကတည်းက လက်ခံပေးထားပြီး ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ ပြီးခဲ့တဲ့ သြဂုတ်လနောက်ပိုင်းမှာတော့ နောက်ထပ် ဒုက္ခသည် ၆၂၅,၀၀၀ နီးပါး ထပ်မံလက်ခံထားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ယင်းအပြင် ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ အဆိုပါ ဘင်္ဂါလီဒုက္ခသည်တွေကို နေရပ်ပြန်ပို့ပေးနိုင်ရေး သဘောတူစာချုပ်တစ်ရပ်ကို မြန်မာနဲ့ အကြား လက်မှတ်ရေးထိုးနိုင်ခဲ့သလို တစ်ချိန်တည်းမှာလည်းပဲ ၎င်းဒုက္ခသည်တွေ နေရပ်မပြန်နိုင်မသေးမချင်း အဆင်ပြေစေဖို့အတွက် ဒုက္ခသည်ကမ့်စခန်းတွေ၊ ယာယီစခန်းတွေကို တိုးချဲ့တည်ဆောက်မှုတွေလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
အလားတူ ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ ကလေးငယ်တွေကို ကာကွယ်ဆေးထိုးပေးခြင်းအပါအဝင် ဒုက္ခသည်တွေအတွက် လိုအပ်တဲ့ ဆေးဝါး အကူအညီတွေလည်း ပေးနေလျက်ရှိပါတယ်။ ယင်းအပြင် အစိုးရရဲ့အကူအညီကို လက်ခံရရှိနိုင်ဖို့အတွက် ဒုက္ခသည်တွေကို မှတ်ပုံတင်စာရင်းကောက်ယူမှုတွေလည်း လုပ်ဆောင်နေလျက်ရှိပါတယ်။
ယခုလို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဘင်္ဂါလီဒုက္ခသည်တွေကို အခြားနိုင်ငံတွေကလည်း ကူညီပေးကြဖို့ ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းသွားခဲ့ပါတယ်။
" ဒီလို ကြီးလေးတဲ့ အကျပ်အတည်းကိစ္စကို ကိုင်တွယ်နိုင်မယ့် လုပ်ဆောင်ချက်တွေ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ချမှတ်လုပ်ဆောင်ဖို့ အရေးကြီးလှပါတယ်၊ လူတွေ အစုလိုက်အပြံုလိုက် နေရပ်စွန့်ခွာဖို့အထိ ဦးတည်စေတဲ့ နိုင်ငံရေးကိစ္စတွေကို ဖြေရှင်းဖို့ လုပ်ဆောင်ဖို့သာမကပါဘူး၊ အရေးကြီးတဲ့ လူသားလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ဘင်္ဂလားဒေ့ရှ်ကို လိုအပ်တဲ့အကူအညီတွေကိုပါထောက်ပံ့ပေးရမှာဖြစ်ပါတယ်" လို့ ပုပ်ရဟန်းမင်းကြီးက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်ရဲ့ သည်းခံနိုင်မှု အစဉ်အလာကိုလည်း ပုပ်ရဟန်းမင်းကြီးက ချီးကျူးသွားပါတယ်။
" ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုတာက မတူညီကွဲပြားတဲ့ ဘာသာဝင်တွေအကြား အစဉ်အလာအားဖြင့် သဟဇာတရှိရှိ နေထိုင်နိုင်ကြတဲ့ ဂုဏ်သတင်း ရှိပါတယ်" လို့ ၎င်းက ပြောပါတယ်။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကတော့ မြန်မာနိုင်ငံခရီးစဉ်အတွင်း ပြောကြားခဲ့တဲ့မိန့်ခွန်းတွေထဲမှာတော့ ရိုဟင်ဂျာ ဆိုသည့်အသုံးအနှုန်းကို ရှောင်ရှားသွားခဲ့ပါတယ်။