ရန်ကုန် ၊ နိုဝင်ဘာ ၃၀ ။ ။ အဆိုတော် ၀ိုင်းစုခိုင်သိန်း ၏ ၂၀၁၆ ခုနှစ်တွင် ထွက်ရှိခဲ့ပြီး ပရိသတ် အားပေးမှု ရရှိခဲ့သည့် ဂါ တစ်ကိုယ်တော် တေးအယ်ဘမ် Music Video အခွေကို ဒီဇင်ဘာ ၁၆ရက်တွင် ထွက်ရှိလာတော့မည် ဖြစ်သည်။
ဂါ တေးအယ်ဘမ် Audio CD ကို ၂၀၁၆ ခုနှစ်တွင် ထွက်ရှိခဲ့ခြင်း ဖြစ်ပြီး ပရိသတ်များကြား အောင်မြင်မှု ရရှိ ခဲ့ကာ ယခုအခါမှာတော့ Music Video အဖြစ် ရိုက်ကူးပုံဖော်ထားမှုများကို ကြည့်ရှုရတော့မည် ဖြစ်သည်။
ထိုတေးအယ်ဘမ် Audio CD တွင် တေးသီချင်း ၁၃ပုဒ် ပါ၀င်ပြီး တေးရေးများ အဖြစ် ရွှေဂျော်ဂျော် ၊ ဆောင်းဦးလှိုင် ၊ ဖိုးကာ ၊ ညီမင်းခိုင် ၊ ဝေလ ၊ သိန်းလင်းစိုး ၊ X-Box ၊ ရွှေထူး ၊ အောင်သူ ၊ Moe Z Lay တို့မှ ရေးသား ပေးထားပြီး Featuring အဆိုတော်များ အနေဖြင့် Snare ၊ X-Box ၊ ဖြိုးပြည့်စုံ တို့က ပါ၀င်သီဆို ပေးထားကြသည်။
"ဂါ" အခွေထဲမှ "ကောင်းကင်ထဲ"သီချင်း Music video ကို ဒါရိုက်တာ ထူးပိုင်ဇော်ဦး ရိုက်ကူးပေးထားပြီး သရုပ်ဆောင် အွန်ဆိုင်း ၊ M ဆိုင်းလူ နှင့် မေ တို့ ပါ၀င် သရုပ်ဆောင်ထားသည်။ "လှည့်စားပါ" တေးသီချင်း ကို ဒါရိုက်တာ မေဘရဏီ ရိုက်ကူးပေးထားပြီး သရုပ်ဆောင် ငြိမ်းသော် နှင့် ၀ိုင်းစုခိုင်သိန်းတို့ ပါ၀င်သရုပ်ဆောင် ထားသည်။
ဒါလင် နဲ့ မြင်းပွဲ သွားမလို့" Music Video ကိုတော့ ဒါရိုက်တာ ၀င်းလွင်ထက် ရိုက်ကူးပေးထားကာ သရုပ် ဆောင်များ အဖြစ် ဇေယျ ၊ Russell ၊ ချမ်းမင်းရဲထွဋ် ၊ အောင်ဆန်းထွဋ် နှင့် RVC Dance အဖွဲ့တို့ ပါ၀င်ထား ကြသည်။
ဂါ တေးအယ်ဘမ် Music Video အခွေ ပရိုမိုးရှင်းပွဲကို ရန်ကုန် နှင့် မန္တလေးမြို့တို့တွင် ကျင်းပပြုလုပ်မည် ဖြစ် ပြီး ရန်ကုန်တွင် ဒီဇင်ဘာ ၁၆ ရက်၌ လှည်းတန်းစင်တာ၌ ကျင်းပပြုလုပ်မည် ဖြစ်ကာ ဒီဇင်ဘာ ၁၇ရက်မှာတော့ မန္တလေးမြို့ရှိ မင်္ဂလာမန္တလေး အိုးရှင်းတွင် ကျင်းပပြုလုပ်မည် ဖြစ်သည်။
အဆိုတော် ၀ိုင်းစုခိုင်သိန်းသည် ၎င်း၏ မွေးနေ့ ဖြစ်သည့် ဒီဇင်ဘာ ၂၄ရက်တွင် မွေးနေ့အမှတ်တရ အဖြစ် တစ်ကိုယ်တော် ဖျော်ဖြေပွဲ ကျင်းပပြုလုပ်မည် ဖြစ်ပြီး ထိုတစ်ကိုယ်တော် ဖျော်ဖြေပွဲကို ရန်ကုန်မြို့ရှိ သုဝဏ္ဏ ဘူမိကွင်းတွင် ကျင်းပပြုလုပ် မည် ဖြစ်သည်။
၎င်းအနေဖြင့် မွေးနေ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲကြီးကို ရန်ကုန်မြို့အပြင် မန္တလေးမြို့တွင်လည်း ကျင်းပပြုလုပ် သွားမည် ဖြစ်ကာ မန္တလေးမြို့မှာတော့ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၆ရက်တွင် ကျင်းပပြုလုပ်သွားရန် စီစဉ်ထား သည်။