အစ္စလာမ်မာဘတ်၊ နိုဝင်ဘာ ၂၈ ။ ။ ဘာသာရေးစော်ကားမှုကို ဆန့်ကျင်ဆန္ဒပြသူများနှင့် အစိုးရကြား စစ်တပ်၏ ကြားဝင်ဖြန်ဖြေမှုကို ပါကစ္စတန်တရားရုံးချုပ်က ပြင်းပြင််းထန်ထန် ဝေဖန်ပြောဆိုလိုက်သည်။ တမန်တော် မိုဟာမက်ကို အလေးထားကိုးကားသော ပြည်နယ်ဥပဒေတစ်ရပ်အား ပြင်ဆင်ခြင်းအတွက် ဥပဒေရေးရာဝန်ကြီးကို ရာထူးက ဖြုတ်ချရေး ဆန္ဒပြသူများသည် အဓိကအဝေးပြေးလမ်းမကြီးအား ပိတ်ဆို့ကာ ရက် ၂၀ မျှ ကန့်ကွက်ဆန္ဒပြကြခြင်း ဖြစ်သည်။
Tehreek-e-Labaik ပါတီက ဦးစီးဆင်နွှဲသည့် သဘောထားတင်းမာသော အစ္စလာမ်မစ်ဆန္ဒပြသူများ၏ တောင်းဆိုချက်ကို အစိုးရ နောက်ဆုံး လိုက်လျောခဲ့ရကာ ဝန်ကြီး ဇာဟစ်ဟာမစ်ကို ရာထူးက ဖယ်ရှားခဲ့သကဲ့သို့ ဖမ်းဆီးထားသော ဆန္ဒပြသူများကိုလည်း ပြန်လွှတ်ပေးခဲ့ရသည်။
“စစ်တပ်ကို ဖြန့်ဖြေကြားဝင်သူအဖြစ် ဘယ်သူတွေ လုပ်ဆောင်ကြသလဲ။”ဟု ဆန္ဒပြမှုနှင့် ပတ်သက်ပြီး ဆင့်ခေါ်ရှင်းလင်းစေသည့် ပြည်ထဲရေးဝန်ကြီး အက်ဆန်အား ကြားနာမှုတွင် တရားသူကြီး ရှုကတ်အဇစ်က မေးမြန်းခဲ့ကြောင်း တရားရုံးပြောခွင့်ရှိသူက အီးပီအေသတင်းဌာနသို့ ပြောသည်။
စစ်တပ်ကြားဝင်မှုတွင် ပါဝင်သော ဗိုလ်မှူးချုပ် ဖက်ဇ်ဟာမိနှင့်အတူ အခြားသူများကို တရားသူကြီးက သတိပေးချက်ထုတ်ခဲ့ကြောင်းလည်း အီးပီအေက ရရှိသည့် တရားရုံးအမိန့်တစ်ရပ်အရ သိရသည်။
အဆိုပါ တရားရုံးချုပ်သည်ပင် လမ်းမကို ပိတ်ဆို့ ဆန္ဒပြသူများကို လူစုခွဲရှင်းလင်းရန် အမိန့်ထုတ်ခဲ့သဖြင့် ရဲ၏ ဖြိုခွင်းမှုအတွင်း လူခြောက်ဦးသေဆုံးခဲ့ကာ ရာပေါင်းများစွာ ဒဏ်ရာရခဲ့သော်လည်း ဆန္ဒပြသူများကို နှိမ်နင်းနိုင်ခြင်း မရှိခဲ့ခြင်း ဖြစ်သည်။
“စစ်တပ်အနေနဲ့က ဖွဲ့စည်းပုံအရ ၄င်းတို့ရဲ့ တာဝန်အတိုင်းသာ ရှိနေရမှာဖြစ်တယ်။ နိုင်ငံအတွင်း ဥပဒေကို ချိုးဖောက်တဲ့ ဆန္ဒပြမှု အခြေအနေမှာ ဘက်မလိုက်ဘဲ ကြားနေနေရမှာဖြစ်တယ်။”ဟု ၄င်းတရားသူကြီးက ပြောခဲ့သည်။