ကျသင့်ငွေထက် ပိုကောက်ခဲ့သည့် တယ်လီဖုန်းဘေလ်များကို ပြန်ပေးမည်

ကျသင့်ငွေထက် ပိုကောက်ခဲ့သည့် တယ်လီဖုန်းဘေလ်များကို ပြန်ပေးမည်

ရန်ကုန် ၊ နိုဝင်ဘာ ၂၀ ။        ။ အမှန်တကယ်ကျသင့်သည်ထက် ပိုမိုဖြတ်တောက်ထားသော ဖုန်းအသုံးပြုခများကို သုံးစွဲသူများထံ ပြန်လည်ပေးအပ်ရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ စိစစ်ဆောင်ရွက်နေသည်ဟု ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဒေါ်နီလာကျော်က ပြောဆိုလိုက်သည်။

" မြန်မာ့ဆက်သွယ်ရေးမှ ကျသင့်ငွေများ ပိုမိုဖြတ်တောက်ထားသော အသုံးပြုခများကို သုံးစွဲသူများထံသို့ ပြန်လည် ထည့်ပေးရန် စိစစ်ဆောင်ရွက်နေပါတယ်" ဟု ဒေါ်နီလာကျော်က ဆိုသည်။

ယနေ့ နို၀င်ဘာ ၂၁ ရက်တွင် ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး (၁၇) မြောက်နေ့ တွင်  မရမ်းကုန်းမဲဆန္ဒနယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးရန်ရှင်း၏ မေးမြန်းမှုဖြစ်သည့် "တယ်လီဖုန်း သုံးစွဲမှုအား ကျသင့်ငွေထက် ပိုမိုကောက်ခံမှုများအား စိစစ်အရေးယူပေးရန် အစီအစဉ်ရှိမရှိ" မေးမြန်းမှုကို ၀န်ကြီး ဒေါ်နီလာကျော်က အထက်ပါအတိုင်းပြန်လည်ဖြေဆိုခဲ့ခြင်းဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းပိုင် အော်ပရေတာဖြစ်သည့် MPT သုံးစွဲသူများထံသာ မှားယွင်းဖြတ်တောက်မည့် ငွေများအား ပြန်လည်ပေးအပ်သွားမည်ဖြစ်ပြီး အခြား အော်ပရေတာများဖြစ်သည့် တယ်လီနောနှင့် အူရီဒူးတို့အား ကျသင့်ငွေထက် ပိုမိုဖြတ်တောက်ခြင်းများကို ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ချုပ်ဆိုထားသည့် စာချုပ်များနှင့်အညီ စိစစ်နေကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ တယ်လီဖုန်းအော်ပရေတာ အဖြစ် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT) ၊ Ooredoo ၊ Telenor တို့မှ ၀င်ရောက်လုပ်ကိုင်နေပြီး သုံးစွဲသူများအဖြစ် MPT သုံးစွဲသူ ၂၁ သန်းကျော် ၊ Telenor သုံးစွဲသူ ၁၉ သန်းကျော် ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly