ပေါ့အူပရင့်စ်၊ ဟေတီ၊ နို၀င်ဘာ ၁၉ ။ ။ ဟေတီနိုင်ငံမှ ရာပေါင်းများစွာသော အတိုက်အခံတက်ကြွလှုပ်ရှားသူများသည် နိုင်ငံစစ်တပ်၏ ပြန်လည်စစ် ဖွဲ့စည်းမှုနှင့် အစိုးရအဖွဲ့၏ အကျင့်ပျက်ခြစားမှုများကို ဆန့်ကျင်သည့်အနေဖြင့် စနေနေ့က နိုင်ငံမြို့တော် ပေါ့တ်အူပရင့်စ်မြို့ရှိလမ်းမများပေါ်၌ ဆန္ဒပြသခဲ့ကြသည်။
ဆန္ဒပြသူများသည် ကားတာယာများကိုမီးရှို့ပြီး လမ်းမများအားပိတ်ဆို့ထားခဲ့သလို ရေခဲသေတ္တာများ သယ်ဆောင်လာသော ကားတစ်စီးကိုလည်း မီးတင်ရှို့ခဲ့ကြသည်။
“ကျနော်တို့ သူခိုးစစ်တပ်ကိုအလိုမရှိပါဘူး။ ကျနော်တို့ကိုလုံခြံုရေးပေးနိုင်တဲ့ စစ်တပ်ကိုပဲ အလိုရှိပါတယ်။ ဒီစစ်တပ်က ကျနော်တို့လို ဆင်းရဲသားတွေကို သတ်ပစ်ချင်နေကြတာပါ” ဟု နိုင်ငံမြို့တော်မှ ဆင်းရဲသား ရပ်ကွက်တွင်နေထိုင်သော ဆန္ဒပြသူတစ်ဦးဖြစ်သည့် ရောဘတ်နောဆန့်က ပြောခဲ့သည်။
အခြားဆန္ဒပြသူများကဲ့သို့ပင် နောဆန့်သည် ပြီးခဲ့သောတနင်္လာနေ့က ဂရန်းရေဗင်ရပ်ကွက်ထဲသို့ စစ်ဆင်ရေး ပြုလုပ်ခဲ့သော ရဲတပ်ဖွဲ့အား ဆန့်ကျင်ဆန္ဒပြခဲ့ခြင်းလည်းဖြစ်သည်။
လူဆိုးဂိုဏ်းအဖွဲ့ရှင်းလင်းရေးဟု အမည်တပ်ထားသော စစ်ဆင်ရေးကြောင့် အရပ်သား ရ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောခဲ့သည်။ ဒါ့အပြင် ရဲအရာရှိ ၂ဦးလည်း သေနတ်နှင့်အပစ်ခံရ၍ သေဆုံးခဲ့ သည်။
“သမ္မတ ဂျိုဗီနယ်လ်မွိုက်စီဟာ သူ့ရဲ့နောက်လိုက်စစ်တပ် တစ်တပ်ကို ထူထောင်နေပါတယ်။ ညှင်းပန်းနှိပ်စက် တတ်သူတွေနဲ့ ဖွဲ့စည်းထားတဲ့စစ်တပ်ပါ။ ပြန်လည်စစ်စည်းရုံးမှုကို နိုင်ငံတော်အဆင့် ဆွေးနွေးပွဲအနေနဲ့ပဲ လုပ်ဆောင်သင့်ပါတယ်” ဟု အတိုက်အခံများ၏လှုပ်ရှားမှုကို ဦးဆောင်နေသော ရှေ့နေတစ်ဦးဖြစ်သည့် အန်ဒရီမိုက်ကယ်က ပြောခဲ့သည်။
“ဒီနိုင်ငံရဲ့စစ်တပ်ကို ဒီလိုမျိုးတစ်ဖက်သတ် ထူထောင်လို့မရပါဘူး။ ဒါကြောင့် ကျနော်တို့ဟာ ဆန့်ကျင်ဆန္ဒပြ နေတာဖြစ်ပါတယ်” ဟု သူက ပြောခဲ့သည်။