ရန်ကုန်ဆေးရုံကြီးတွင် သက်သာဆိုင်ကန်တင်း အသစ် ဖွင့်လှစ်ရန်တင်ပြထား

ရန်ကုန်ဆေးရုံကြီးတွင် သက်သာဆိုင်ကန်တင်း အသစ် ဖွင့်လှစ်ရန်တင်ပြထား
ဓာတ်ပုံ YGH

ရန်ကုန်၊နိုဝင်ဘာ ၁၅ ။            ။ ရန်ကုန်ဆေးရုံကြီးတွင် လူအများတက်နိုင်သည့်စျေးနူန်းဖြင့် ရောင်းချပေးမည့် စားသောက်ဆိုင်ခန်းများပါဝင်သည့် ကန်တင်းအသစ် ဆောက်လုပ်သွားရန် တင်ပြထားကြောင်း ရန်ကုန်အထွေထွေရောဂါကုဆေးရုံကြီး၏ ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်မြင့်မြင့်အေးက ပြောသည်။

"သန့်ရှင်းသာယာပြီးတော့ လာကုတဲ့လူနာတွေ စိတ်ချမ်းချမ်းသာသာနဲ့ သန့်သန့်ရှင်းရှင်းနဲ့ အစားအသောက်တွေစားနိုင်အောင်ပေါ့နော်၊ အစ်မတို့ကတော့ ကန်တင်းတစ်ခုဆောက်ဖို့စီစဉ်နေတယ် ။ သူတို့နဲ့အပြိုင်ရောင်းနိုင်မှရမယ် ။ စျေးသည်တွေနဲ့လေ"ဟု ဒေါက်တာ ဒေါ်မြင့်မြင့်အေးကဆိုသည်။

ယခင်က ရန်ကုန်ဆေးရုံကြီးဝန်းအတွင်းရှိ စားသောက်ဆိုင်များကိုဖယ်ရှားခဲ့သဖြင့် ယခုကဲ့သို့ပြင်ပမှ စျေးဆိုင်ငယ်များဝင်ရောက်လာခြင်းဖြစ်သည်ဟု ၄င်းက ဆိုသည်။

ထိုကဲ့သို့ တရားဝင်ကန်တင်းဖွင့်လှစ်ပြီး ရောင်းချခြင်းဖြင့် လမ်းဘေးမှလာရောက်ရောင်းချသည့် စျေးဆိုင်ငယ်များ လျော့ပါးသွားနိုင်ကြောင်း ဆက်လက်ပြောသည်။

"လူတိုင်းအများစားနိုင်တဲ့စျေးနူန်းနဲ့ ရောင်းနိုင်တဲ့ဆိုင်လိုမျိုးပေါ့။ သိတယ်မလား ထမင်းရောဟင်းရော ၆၀၀၊ ၈၀၀လောက်နဲ့ ရောင်းချပေးနိုင်တဲ့ ဆိုင်မျိုးပေါ့"ဟု ၄င်းကပြောသည်။

ဆေးရုံကြီးတွင် ကန်တင်းဆိုင် နှစ်ဆိုင်သာရှိ၍ လူနာများ၊ လူနာရှင်များ၊ ဝန်ထမ်းများအတွက် လောက်ငှမှုမရှိသဖြင့် စျေးဆိုင်ငယ်များ ဝင်ရောက်ရောင်းချနေနိုင်ခြင်းဖြစ်သည်ဟု ဒေါက်တာဒေါ်မြင့်မြင့်အေးမှ ဆိုသည်။

ရန်ကုန်ဆေးရုံကြီးအတွင်းရှိ စျေးဆိုင်တန်းများမှာ မူလက အခမဲ့ဝင်ရောက်ရောင်းချနေရာ စာရင်းစစ်ချုပ်မှ အပိုင်သဘောသက်ရောက်သွားမည်စိုး၍ ငှားရမ်းစာချုပ်ဖြင့် လက်ရှိတွင် ရောင်းချခွင့်ပြုထားသည်။

ရန်ကုန်ဆေးရုံကြီးနယ်နမိတ်အတွင်းတွင် စျေးဆိုင်ပေါင်း (၇၀)နေရာယူထားပြီး လတ်တလော(၆၈)ဆိုင် ရောင်းချနေသည်။

၄င်းစျေးဆိုင်လေးများကို တစ်ဆိုင်လျှင် တစ်နေ့ ၃၀၀ကျပ်၊ တစ်လလျှင် ၉ထောင်ကျပ်ကောက်ခံထားသည်။

ထိုဝင်ငွေများကို အစိုးရဘတ်ဂျက်ငွေစာရင်းထဲသို့ ထည့်ပေးရခြင်းဖြစ်သည်။

လက်ရှိအချိန်အထိ ရန်ကုန်ဆေးရုံကြီးတွင် ကန်တင်းစားသောက်ဆိုင်အနေဖြင့် ရွှေခေတ်နှင့် ထွန်းတောက်ဆိုသည့် နှစ်ဆိုင်သာရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly