နိုဝင်ဘာ ၁၀၊ ဆွီဒင် ။ ။ ဆွီဒင်အသင်းနဲ့အီတလီအသင်းတို့ဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ Play Off ပထမအကျော့ပွဲစဉ်အဖြစ် ဒီနေ့ညမှာ ဖရန့်ကွင်းကြီးထဲ ရင်ဆိုင်ကစားကြတော့မှာ ဖြစ်ပါတယ်။
ဒီပွဲစဉ်ဟာဧည့်သည် အီတလီအသင်းအတွက်လည်း အမှားခံလို့ မရတဲ့ပွဲစဉ်ဖြစ်ပါတယ်။ ဒီပွဲမှာ အမှားအယွင်းတွေပြုလုပ်မိခဲ့ရင် နှစ်ပေါင်း ၆၀ မှာ ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ အီတလီတို့ လွဲချော်သွားနိုင်ပါတယ်။
အီတလီအသင်းသားတွေဟာ သူတို့ကစားရမယ့် ဖရန့်အားကစားကွင်းကြီးထဲ သွားရောက် ကြည့်ရှုခဲ့ကြပါတယ်။ အီတလီအသင်းခေါင်းဆောင် ဘတ်ဖွန်နဲ့ နည်းပြ ဗန်တူရာတို့ကတော့ ဒီပွဲဟာ ခက်ခဲမှာဖြစ်ပေမယ့် ရလဒ်ကောင်းရယူနိုင်မယ်လို့ ယုံကြည်နေကြပါတယ်။
“ဒီကွင်းကြီးထဲမှာ ကျွန်တော်တို့ဖိအားခံစားရပါလိမ့်မယ်။ ဒါက လုံးဝသံသယဖြစ်စရာမလိုပါဘူး။ ဆွီဒင်ပရိသတ်တွေကလည်း ကျွန်တော်တို့အဲ့ဒီလိုဖြစ်အောင် ဖိအားပေးပါလိမ့်မယ်။ ဆွီဒင်ကတော့ ဖိအားရှိမှာ မဟုတ်ပါဘူး။ ဆွီဒင်အသင်းက အသင်းကောင်တစ်သင်းပါ။ သူတို့ကပြိုင်ဘက်ကို အမြဲဒုက္ခတွေ့အောင်ကစားနိုင်ခဲ့သူတွေပါ။ ကျွန်တောတို့ကိုလည်း ဒုက္ခပေးဦးမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့က ဖိအားဒဏ်ခံစားနေမှာ မဟုတ်ပါဘူး။ ၁၉၉၇ ခုနှစ်ကလို ရလဒ်မျိုးဖြစ်ဖို့ လိုပါတယ်။”
“ဆီဒင်အသင်းကို ကျွန်တော်တို့ လေးစားပါတယ်။ သူတို့က အသင်းကောင်းတစ်သင်းပါ။ ကလပ်အသင်းကောင်းတွေလည်း အများကြီးရှိပါတယ်။ ဒီအဆင့်ကိုရောက်လာတဲ့ဆွီဒင်အသင်းက အီတလီအသင်းနဲ့အဆင့်အတန်းချင်းတူတူပါပဲ။ ဒါပေမဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကျွန်တော်တို့ အရောက်သွားနိုင်မယ်လို့ ယုံကြည်ပါတယ်”