မကွေး အောက်တိုဘာ ၃၁ ။ ။ ပြီးခဲ့သည့်နှစ်က ကြွက်များ ကိုက်ဖြတ်စားသောက်ခံခဲ့ရခြင်းနှင့် စျေးနှုန်းမရ ခြင်းတို့ကြောင့် မကွေးမြို့နယ်အတွင်းရှိ တောင်သူအချို့သည် မိုးဦး ရာသီမှ စတင်စိုက်ပျိုးသည့် ပဲခင်း၊နှမ်းများထဲတွင် သီးထပ်၊ သီးညှပ်အဖြစ်ထည့်သွင်းစိုက်ပျိုးလေ့ရှိ သော ပဲစင်းငုံများကို စိုက််ပျိုးမှုလျော့နည်းလာ သည်ဟု ပဲစိုက်တောင်သူများထံမှ သိရသည်။
မကွေးမြို့နယ်အတွင်းရှိ သန်းတောကုန်း၊ မကြီး ကန်၊ ဆားတိုင်ကန်၊ ပုထိုးစမ်း၊ သပြေစမ်းကျေးရွာများ တွင် ယခင်နှစ်များက ပဲစင်းငုံစိုက်ပျိုးမှုများပြားခဲ့ သော်လည်း ယခုနှစ်တွင် လျော့နည်းသွားခဲ့သည်။
" အရင်နှစ်တွေတုန်းက ပဲစင်းငုံကို ပဲခင်း နှမ်းခင်း တွေထဲမှာ ငါးဘောင်ခြားထည့်စိုက်ပါတယ်၊ မနှစ် က ပဲစင်းငုံသီးတွေ ကြွက်စားသွားလို့ ဘာမှမရ လိုက်ဘူး၊ မျိုးဖိုးဆေးဖိုးနဲ့ လုပ်အားခ တော်တော်ရှုံး လို့ ဒီနှစ်မှာ လုံးဝမစိုက်တော့တာပါ" ဟု တောင်သူ ဦးမောင်အေးက ပြောသည်။
ပဲစင်းငုံစျေးနှုန်းမှာလည်း ယခုနှစ်တွင် ကျ ဆင်းနေပြီး ပဲစင်းငုံကာလပေါက်စျေးနှုန်းသည် ယခင်နှစ်ထက် ၃ ဆခန့် ကျဆင်းနေသည့်အပြင် အိန္ဒိယနိုင်ငံသို့လည်း မတင်သွင်းနိုင်ကြောင်း မကွေးမြို့၊ ကုန်သည်အသိုင်းအဝိုင်းမှ သိရသည်။
" အိန္ဒိယကလည်း အဝယ်မရှိ၊ စျေးကလည်းထိုးကျ ဆိုတော့ ဝယ်လက်လည်း သိပ်မရှိဘူး။ မနှစ်က ဒီရာသီ ဒီရက်ပိုင်းမှာ သုံးသောင်းကျော်အထိရှိတယ်၊ ပဲစင်းငုံက လှောင်မယ်ဆိုရင်တော့ ၃ နှစ် အထိ လှောင်လို့ရပါတယ်" ဟု မကွေးမြို့မှ ကုန်သည် ဦးစိန်မြင့်အောင်က ပြောသည်။
၂၀၁၆ ခုနှစ်၊ အောက်တိုဘာလတွင် ပဲစင်းငုံစျေးနှုန်း သည် ပိဿာ ၂၀ လျှင် ကျပ် ၃ သောင်းရှိခဲ့သော်လည်း ၂၀၁၇ခုနှစ် အောက်တိုဘာလထဲတွင် ကျပ်ငွေ ၁ သောင်း ဝန်း ကျင်သာရှိနေသည်ဟု သိရသည်။
ယခုနှစ် ဒီဇင်ဘာလနှင့်ဇန်နဝါရီလများအတွင်း ပဲစင်းငုံအသစ်များ ထွက်ပေါ်လာတော့မည်ဖြစ်ရာ ၎င်းကာလများအတွင်း ပဲဈေးနှုန်းများ ဆက်လက် ကျဆင်းနိုင်သည်ဟု မကွေးမြို့၊ ကုန်သည်အသိုင်း အဝန်းမှ ခန့်မှန်းထားကြောင်း သိရသည်။