ဂျပန်နိုင်ငံက တိုက်ခန်းတစ်ခုမှာ လူကိုးဦးရဲ့ အလောင်းတွေကို တွေ့ရှိပြီး အိမ်ပိုင်ရှင်ဖြစ်သူကို ရဲတပ်ဖွဲ့ ဖမ်းဆီး

ဂျပန်နိုင်ငံက တိုက်ခန်းတစ်ခုမှာ လူကိုးဦးရဲ့ အလောင်းတွေကို တွေ့ရှိပြီး အိမ်ပိုင်ရှင်ဖြစ်သူကို ရဲတပ်ဖွဲ့ ဖမ်းဆီး

 

အောက်တိုဘာ  ၃၁ ။            ။ ဂျပန်နိုင်ငံ တိုကျိုမြို့စွန်ရပ်ကွက်တစ်ခုက တိုက်ခန်းတစ်ခုမှာ လူကိုးဦးရဲ့ ရုပ်အလောင်းတွေကို ရှာတွေ့ခဲ့ပြီးနောက် ယခုအခါ အဆိုပါ တိုက်ခန်းပိုင်ရှင်ဖြစ်သူကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း အောက်တိုဘာ ၃၁ ရက်က ပြည်တွင်းသတင်းမီဒီယာတွေက ဖော်ပြထားပါတယ်။ ယင်းအလောင်းတွေမှာတော့ ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ချို့တစ်ဝက် ခုတ်ထစ်လှီးဖြတ်ခံထားရတာကိုလည်း စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။

အဆိုပါ တိုက်ခန်းအပြင်ဘက် အအေးခန်း သိုလှောင်ခန်းတစ်ခုထဲမှာ လူဦးခေါင်းပြတ်နှစ်ခုကို ရဲတွေက စတင်ရှာတွေ့ခဲ့ပြီး နောက် ဆက်လက်ရှာဖွေခဲ့ရာမှာတော့ တိုက်ခန်းအတွင်း အအေးခန်းသေတ္တာတွေထဲမှာ အခြားလူ ခုနစ်ဦးရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုလည်း ထပ်မံတွေ့ရှိခဲ့တာဖြစ်ပါတယ်။

ယခုအခါမှာတော့ တာကာဟီရို ရှီရာအစ်ရှီ ဆိုသူ အသက် ၂၇ နှစ်အရွယ် တိုက်ခန်းပိုင်ရှင် အမျိုးသားကို သံသယနဲ့ ရဲတွေကို ဖမ်းဆီး စစ်ဆေးနေလျက်ရှိပါတယ်။

ပြီးခဲ့တဲ့ကာလက ယင်းအနီးအနားဝန်းကျင်မှာ အမျိုးသမီးတစ်ဦး ပျောက်ဆုံးနေတဲ့ကိစ္စ ရဲတွေကို စုံစမ်းရင်းနဲ့ ယခုလို အဆိုပါတိုက်ခန်းတွင်း လူသေအလောင်းတွေကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ယခုကိစ္စမှာ ရဲတွေက အမျိုးသမီးအလောင်းရှစ်လောင်းနဲ့ အမျိုးသားအလောင်းတစ်လောင်းတို့ကို ယင်းတိုက်ခန်းတွင်းကနေ တွေ့ရှိထားကြောင်း၊ အလောင်းတစ်ချို့ကတော့ ပုံပျက်ပန်းပျက် ပုပ်သိုးပျက်စီးနေပြီဖြစ်ကြောင်း ပြည်တွင်းသတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။

စုံစမ်းစစ်ဆေးမှုတွေအရ တိုက်ခန်းပိုင်ရှင် တာကာဟီရို က ယခုတွေ့ရှိရတဲ့ လူသေအလောင်းတွေဟာ သူသတ်ဖြတ်ထားခဲ့တာဖြစ်ကြောင်း၊  သတ်ဖြတ်ပြီး အလောင်းဖျောက်ဖို့ စီစဉ်ထားခဲ့ကြောင်း ရဲတွေကို ၀န်ခံထွက်ဆိုထားတယ်လို့လည်း NHK သတင်းဌာနက ဖော်ပြပါတယ်။ ဘယ်အတွက်ကြောင့် ယခုလို လူကိုးဦးကို သတ်ဖြတ်ခဲ့ရတာလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘဲ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

တစ်ချိန်တည်းမှာပဲ ယင်းတိုက်ခန်းအနားကပ်လျက်မှာ နေထိုင်သူ တစ်ဦးကလည်း ၎င်းအနေနဲ့ ပြီးခဲ့တဲ့ရက်ကစလို့ တာကာဟီရိုရဲ့ တိုက်ခန်းဘက်ကနေ ညှီစို့စို့ အနံ့တွေ ရနေခဲ့ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags