ပူတင်အား လုပ်ကြံမည်ဆိုသောသူ သေနတ်ဖြင့် ချောင်းပစ်ခံရ

ပူတင်အား လုပ်ကြံမည်ဆိုသောသူ သေနတ်ဖြင့် ချောင်းပစ်ခံရ

ကိဗ်၊ အောက်တိုဘာ ၃၁ ။            ။ ရုရှသမ္မတ ဗလာဒီမာပူတင်အား လုပ်ကြံမည့်သူဟု စွဲဆိုခံထားရသော ချေချင်းစစ်သားတစ်ဦးသည် ယူကရိန်းနိုင်ငံတွင် သေနတ်ဖြင့် ချောင်းမြောင်းအပစ်ခံရ၍ ဒဏ်ရာရသည်။

ကိဗ်မြို့အနီး ကားပေါ်ရှိစဉ် သေနတ်ဖြင့် အပစ်ခံရခြင်းဖြစ်ရာ ၄င်းနှင့်အတူ လိုက်ပါလာသော ဇနီးဖြစ်သူ သေဆုံးပြီး ၄င်းက ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။

ပူတင်အား လုပ်ကြံမှု အစီအစဉ်သည် ရုရှအား ခါးခါးသီးသီး ဆန့်ကျင့်သော ယူကရိန်းနိုင်ငံအတွက် မထောင်းသာသည့် ကိစ္စရပ်လည်းဖြစ်သည်။

တစောင်းနဲ့ မျက်ချေးဖြစ်နေသော အိမ်နီးချင်း နှစ်နိုင်ငံကြားက ဆက်ဆံံရေးကို ပိုမိုဆိုးရွားစေသော ခြိမ်းခြောက်မှုလည်းပဲ ဖြစ်သည်။

ရထားသံလမ်းတစ်ခုကို ကားဖြင့် ဖြတ်မောင်းစဉ် ကျည်ဆန်များ အတွဲလိုက် ပစ်ခတ်ခံရခြင်းကြောင့် အမ်မီနာအိုကူယီဗာ သေဆုံးခဲ့ပြီး ခင်ပွန်းဖြစ်သူ အာဒမ်အိုစမာယဗ် ဒဏ်ရာရခဲ့ကြောင်း ယူကရိန်းပြည်ထဲရေးဝန်ကြီးဌာန အကြံပေး အန်တွန်ဂါရာရှာချန်ကိုက ပြောသည်။

“အာဒမ်အိုစမာယဗ်က ဒဏ်ရာရခဲ့ပေမယ့် အသက်ဘေးက လွတ်မြောက်ခဲ့ပါတယ်။”ဟု ဂါရာရှာချန်ကိုက ၄င်း၏ ဖေ့ဘုတ်တွင် ရေးသားသည်။

“ကျွန်တော် သူကို ဖုန်းကတစ်ဆင့် စကားပြောခဲ့ပါတယ်။”ဟု ၄င်းက ရေးသည်။

ဇနီးဖြစ်သူ အမ်မီနာအိုကူယီဗာ သေဆုံးကြောင်းကို ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရှိသူ ယာရိုစလဗ်ထရာကာလိုက Interfax-Ukraine သတင်းဌာနကို အတည်ပြုသည်။

ယခု သေနတ်ပစ်ခတ်မှုကို ကြိုတင်ကြံစည်လူသတ်မှုဖြင့် စုံစမ်းစစ်ဆေးရေးက အမှုဖွင့်စစ်ဆေးရန် စီစဉ်နေကြောင်း နောက်ပိုင်း ၄င်းက ဖြည့်စွက်ပြောသည်။

၂၀၁၂ ခုနှစ်အတွင်းက ရုရှခေါင်းဆောင် ပူတင်၏ တတိယသက်တမ်း ရွေးကောက်ပွဲ မဝင်ခင် သီတင်းပတ်အနည်းငယ်အလို အာဒမ်အိုစမာယဗ်က ပူတင်အား သတ်ဖြတ်ရန် စီစဉ်ခဲ့သည်ဟု မော်စကိုအာဏာပိုင်များက စွပ်စွဲထားခြင်း ဖြစ်သည်။

၄င်းကို ယူကရိန်းက ထောင်ဒဏ်နှစ်နှစ်ခွဲ ချမှတ်ခဲ့သော်လည်း ရုရှထံ တရားခံလွှဲပြောင်းပေးခြင်း လုံးဝ မရှိခဲ့ပေ။

ပူတင်အား လုပ်ကြံရန် အဆိုပါ ကြံစည်မှုအတွင်း ဒုတိယမြောက် သံသယရှိသူကို ရုရှအာဏာပိုင်များသို့ လွှဲပြောင်းပေးခဲ့ရာ ၂၀၁၃ ခုနှစ်တွင် ထောင်ဒဏ် ဆယ်နှစ် ချမှတ်ခံခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly