ရန်ကုန် ၊ အောက်တိုဘာ ၃၀ ။ ။ ရှမ်းပြည်နယ်အတွင်းရှိ အဓိက ရှမ်းပါတီနှစ်ခုဖြစ်သည့် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(SNDP) ကျားဖြူ နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(SNLD) ကျားခေါင်း တို့ ပူးပေါင်းပြီး လာမည့် ၂၀၂၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် SNDP ကျားဖြူပါတီဘက်မှ အဆိုပြုထားသည်ဟု သိရသည်။
"ပြည်သူလူထုက တောင်းဆိုချက်အရလည်း ပါတယ်၊ အခုက အရေးကြီးကာလလည်း ရောက်လာပြီ။ ရဟန်းပြည်သူလူ အများကလည်း ထပ်ပြီး တောင်းဆိုလာကြလို့ အဆိုပြုဖြစ်တာပါ" ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ဒုတိယဥက္ကဋ္ဌ စိုင်းလှကျော်က ဆိုသည်။
ယင်းအဆိုပြုချက်များကို ပြီးခဲ့သည့် အောက်တိုဘာ ၂၈ ရက်နေ့က ရှမ်းပြည်နယ် လားရှိုးမြို့တွင် ကျင်းပခဲ့သည့် ၁၄ ကြိမ်မြောက် SNDP ကျားဖြူပါတီ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီ၏ အစည်းအဝေးတွင် ဆုံးဖြတ်ချက် ချခဲ့ခြင်းလည်း ဖြစ်သည်။
ယင်းအပြင် လာမည့် နိုင်ငံရေးအခြေအနေတွင် အမျိုးသားအကျိုးစီးပွားကို အခြေခံပြီး ပိုမိုကျစ်လစ်ခိုင်မာသည့် နိုင်ငံရေးလမ်းကြောင်းကို ဦးစားပေးရွေးချယ်သင့်သည်ဟု ကျားဖြူပါတီမှ ယူဆကြောင်း SNDP ကျားဖြူပါတီ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီ၏ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်။
ပါတီခြင်း ပူးပေါင်းရန် အဆိုပြုထားသော်လည်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) ဘက်မှ အကြောင်းပြန်ကြားခြင်းမရှိသေးကြောင်း ကျားဖြူပါတီ ဒုတိယဥက္ကဋ္ဌ စိုင်းလှကျော်က ဆိုသည်။
အဆိုပါ ပါတီခြင်း ပူးပေါင်းရန် ကျားဖြူပါတီမှ ကမ်းလှမ်းချက်အပေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ထံ ဆက်သွယ်မေးမြန်းသော်လည်း မရရှိခဲ့ပေ။