စစ်တွေ၊ အောက်တိုဘာ ၂၈ရက်။ ။ ရခိုင်မြောက်ပိုင်း မောင်တောမြို့နယ်ရှိ တိုင်းရင်းသားကျေးရွာများတွင် တူးဖော်လျက်ရှိသည့် ရေချိုးငါး မွေးမြူရေးကန်များကို ပြည်နယ်အစိုးရမှ ဘတ်ဂျက်ဆက်လက်ချပေးခြင်း မရှိတော့သဖြင့် ရပ်နားထားရကြောင်း သိရသည်။
မောင်တောခရိုင်အတွင်းရှိ တိုင်းရင်းသားကျေးရွာ ၈၂ ရွာအတွက် ပြည်နယ်အစိုးရ ဘတ်ဂျက်ငွေအစီစဉ်ဖြင့် ရေချိုငါးမွေးမြူရေးကန်ကို တစ်ရွာလျှင် တစ်ကန်နှုန်းဖြင့် တူးဖော်နေခြင်း ဖြစ်ပြီး လွန်ခဲ့သည့် ၅ လ ခန့်မှ စတင်ကာ ဘတ်ဂျက် ချမပေးတော့ခြင်းဖြစ်သည်ဟု မောင်တောခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ဒုဦးစီးမှူး ဦးဝင်းမောင်က ပြောသည်။
“အစိုးရက ဘတ်ဂျတ်ငွေမချပေးသေးတဲ့ အတွက် လောလောဆယ် မတူးဘဲ ရပ်နားထားရတယ်။ ရေချိုငါးကန် တွေ တူးဖော်ပေးတော့ ပြည်သူတွေအတွက် အထောက်အကူဖြစ်တာပေါ့။ ”ဟု မောင်တောခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ဒုဦးစီးမှူး ဦးဝင်းမောင်က ပြောသည်။
မွေးမြူရေးကန် တစ်ကန်လျှင် ကျပ်သိန်း ၆၀ ခန့်နီးပါး အကုန်ကျခံ တူးဖော်လျက်ရှိသည့် အဆိုပါ စီမံကိန်းများ အကောင်အထည်ပေါ်လာပါက ဒေသနေ တိုင်းရင်းသားများ၏ ငါးဖူလှုံမှု အပါအဝင် ဝင်ငွေအခွင့်အလမ်းများကို ဖန်တီးလာနိုင်မည်ဟု မောင်တောဒေသနေ ပြည်သူလူထုက ယုံကြည်နေကြသည်။
အဆိုပါ စီမံကိန်းကို ယခုနှစ် အစောပိုင်းက စတင် အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်ပြီး လက်ရှိအချိန်တွင် ရွှေဗဟို၊ ခရေမြိုင်၊ ဖားဝပ်ချောင်း၊ အောင်ဇေယျ၊ မောရဝတီ စသည့်ကျေးရွာများတွင် တူးဖော်ပြီးစီးထားပြီး ဖြစ်သော်လည်း ငါးသားပေါက်များကို လုံလောက်စွာ ဖြန့်ဝေပေးနိုင်ခြင်း မရှိသေးဟု မောင်တောခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ဒုဦးစီးမှူး ဦးဝင်းမောင်က ပြောသည်။
စီမံကိန်းအရ ရေချိုငါးမွေးမြူရေးကန် ၈၂ ကန်တိတိကို တူးဖော်ရမည်ဖြစ်သော်လည်း လက်ရှိတွင် ၅ ကန်သာ တူးဖော်နိုင်သေးသလို တူးဖော်ပြီး ငါးကန်များတွင် ငါးသားပေါက်များ လုံလောက်စွာ မရရှိမှုများအတွက် ပြည်နယ်အစိုးရသို့ တင်ပြထားရှိသော်လည်း ယခုချိန်ထိ တစုံတရာ တုံ့ပြန်မှု မရှိသေးဟု ၎င်းက ဆိုသည်။
ရခိုင်မြောက်ပိုင်း မောင်တောဒေသတွင် ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့က စတင်ခဲ့သော ARSA အဖွဲ့၏ တိုက်ခိုက်မှုများနောက်ပိုင်း ဒေသမတည်ငြိမ်မှုကြောင့် အခြေခံ စားသောက်ကုန်များနှင့် သားငါးများမှာ သိသာစွာ ရှားပါးမှုများ ဖြစ်ပေါ်လာသလို ဈေးနှုန်းမတည်ငြိမ်မှုများ ဖြစ်ပေါ်နေသည်။