အောက်တိုဘာ ၂၇၊ နယူးယော့ခ်။ ။ အင်္ဂလိပ်ဘောလုံးလောက၏ အစဉ်အလာရှိထိပ်သီးကလပ်သုံးသင်းဖြစ်သော အာဆင်နယ်၊ မန်ချက်စတာယူနိုက်တက်နှင့် လီဗာပူးလ်ထိပ်တန်းတာဝန်ရှိသူများသည် နယူးယော့ခ်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
အီတလီစားသောက်ဆိုင်တစ်ခုတွင်ပြုလုပ်သော ယင်းညစာစားပွဲသို့ အာဆင်နယ်အမှုဆောင်ချုပ် အိုင်ဗန်ဂါဇီဒစ်၊ လီဗာပူးလ် အသင်းပိုင်ရှင် ဂျွန်ဟင်နရီ၊ မန်ယူအမှုဆောင်ချုပ် အက်ဒ်ဝုဒ်ဝက်ဒ်နှင့် အသင်းပိုင်ရှင် ဂလေဇာညီနောင် အေဗရန်နှင့် ဂျိုရယ်တို့ တက်ရောက်ခဲ့ကြသည်။
ယင်းသို့တွေ့ဆုံမှုကို အာဆင်နယ်ပရိသတ်တစ်ဦးက ဓါတ်ပုံရိုက်ယူခဲ့ခြင်းဖြစ်သည်။ တွေ့ဆုံဆွေးနွေးခဲ့သည့်အကြောင်းအရာမှာ ပရီးမီးယားလိဂ်ပြည်ပရုပ်သံထုတ်လွှင့်မှုမူပိုင်ခွင့် ခွဲဝေမှုအတွက်ဖြစ်ဖွယ်ရှိပြီး ကလပ်အသင်းများဒုတိယအကြိမ်တွေ့ဆုံမည့် တစ်ပတ်အလို၌ ညစာစားရင်းတွေ့ဆုံကြခြင်းဖြစ်သည်။
သို့သော်လည်း အသင်း ၂၀ စလုံးပါဝင်မည့် ယင်းဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးပွဲအစီအစဉ်မှာ ၁၁-၉ သင်းခွဲဝေမှုအနေအထား ကို အသင်းကြီး ၆ သင်းက ၁၄-၆ သင်းခွဲဝေမှုအဖြစ် ပြောင်းလဲလိုချင်နေသဖြင့် ပျက်ပြယ်ခဲ့ရသည်။
ထိပ်သီးအသင်း ၆ သင်းက ရုပ်သံဝင်ငွေခွဲတမ်းပိုမိုလိုချင်နေချိန်တွင် အသင်းကြီးသုံးသင်း တွေ့ဆုံဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
Ref; Daily Mail