တောင်ကြီးတွင် လုံဝမ်ရွှေဆိုင်အား သေနတ်တုဖြင့် လုယက်မှု ဖြစ်ပွားခဲ့ပြီး နေ့ချင်းဖမ်းမိ

တောင်ကြီးတွင် လုံဝမ်ရွှေဆိုင်အား သေနတ်တုဖြင့် လုယက်မှု ဖြစ်ပွားခဲ့ပြီး နေ့ချင်းဖမ်းမိ
ဓာတ်ပုံ-ကိုမျိုးကြီး

ရန်ကုန်၊ အောက်တိုဘာလ ၂၆ ။        ။ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ကန်ရှေ့ရပ်ကွက်၊ ရေထွက်ဦးလမ်းရှိ လုံဝမ်ရွှေဆိုင်အား နှာခေါင်းစည်း အနက်ရောင်တပ်ထားသူ အမျိုးသားတစ်ဦး သေနတ်တုဖြင့် လုယက်မှု ယနေ့ အောက်တိုဘာလ ၂၆ ရက်၊ ၁၁ နာရီအချိန်ခန့်တွင် ဖြစ်ပွားခဲ့ကြောင်း တောင်ကြီးမြို့ မရဲစခန်းမှ သိရသည်။

အဆိုပါ သေနတ်တုဖြင့် လုယက်မှုကျူးလွန်ခဲ့သူအမျိုးသားမှာ တောင်ကြီးမြို့၊ထီဖောင်းအုပ်စု၊ လွယ်ကောင်း ကျေးရွာတွင် နေထိုင်သည့် အသက် ၂ဝ အရွယ် ခွန်ရန်းထို ဆိုသူဖြစ်ပြီး ရဲတပ်ဖွဲ့မှ ပိတ်ဆို့ရှာဖွေခဲ့ရာ City Square အောက်ဆုံးထပ်၊ ဆောက်လုပ်ရေးပစ္စည်းများသိုလှောင်ထားသည့် နေရာ မလွယ်ပေါက်အတွင်းမှ ၂ နာရီ ၁ဝ မိနစ်အချိန်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“ သေနတ်တုနဲ့ ရွှေဆိုင်မှာ လုတာဖို့လုပ်တာပေါ့နော့။ ရွှေဆိုင်ပိုင်ရှင်က လုံးထွေးတော့ ထွက်ပြေးသွားတာ။ ရွှေတွေတော့ မယူသွားနိုင်ခဲ့ဘူး။ ခုတော့ တရားခံတော့ မိပြီဗျ”ဟု တောင်ကြီးမြို့မရဲစခန်းမှ တာဝန်ရှိရဲအရာ ရှိတစ်ဦးက ပြောသည်။

ယနေ့ အောက်တိုဘာလ ၂၆ ရက်၊ ၁၁ နာရီအချိန်ခန့်တွင် အဆိုပါ လုံဝမ်ရွှေဆိုင်သို့ နှာခေါင်းစည်းအနက် ရောင်ထားသူ အမျိုးသားတစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့်ရောက်ရှိလာပြီး ရွှေထည်ပစ္စည်းမျိုးစုံ ကာလတန်ဖိုး ကျပ်သိန်း ၁၉ဝ ခန့်ရှိ ပြသခိုင်းခဲ့ကြောင်း၊ ပြီးနောက်ဖုန်းဆက်ပြီး ၎င်းစီးလာသည့် ဆိုင်ကယ်အတွင်းမှ ကြွပ်ကြွပ်တစ်လုံးအား သွားရောက်ယူဆောင်ခဲ့ကာ ဆိုင်ထဲပြန်ဝင်လာခဲ့ကြောင်း သိရသည်။

ထို့နောက် ဆိုင်ရှင်ကအမျိုးသမီးက ၎င်းဝယ်လိုသည့် ရွှေထည်ပစ္စည်းများပြသနေစဉ် အဆိုပါ အမျိုးသားက ကြွပ်ကြွပ်အိတ်အတွင်းမှ ကလေးဆော့သည့် အစိမ်းပုပ်ရောင်သေနတ်ထုတ်ပြီး ချိန်ရွယ်ကာ ရွှေထည်စ္စည်းများ ပေးရန် ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ချိန်ရွယ်ထားသည့်ကို ဆိုင်ရှင်အမျိုးသားက ဘေးမှ ဝင်ရောက်လုံးထွေးခဲ့ရာ အဆိုပါ အမျိုးသားကိုင် ဆောင်ထားသော သေနတ်နှင့် သော့ ၂ ချောင်းမှာ လွတ်ကျသွားပြီး နှာခေါင်းစည်းလည်း ကျွတ်သွားကာ ဆိုင်ပြင်သို့ ထွက်ပြေးသွားကြောင်း၊ ပစ္စည်းတစ်စုံတစ်ရာ ယူဆောင်သွားခြင်းမရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly