အောက်တိုဘာ ၁၄ ။ ။ ကြီးမားလှတဲ့ သတ္ထုလက်တံတစ်ခုပါ အနှိပ်သည် စက်ရုပ်လေး Emma ကိုတော့ စင်ကာပူက ဆေးခန်းတစ်ခုမှာ စတင်တာဝန်ထမ်းဆောင်နေလျက်ရှိတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ယင်းဟာ ယခုဆိုရင် ဆေးခန်းကို ရောက်လာသူတွေရဲ့ နာကျင်ကိုက်ခဲထုံကျင်ဝေဒနာတွေကို သက်သာပျောက်ကင်းအောင် လူသားအနှိပ်သည်တွေအတိုင်းပဲ နှိပ်နယ်ကုသပေးနေပြီ ဖြစ်ပါတယ်။
Emma စက်ရုပ်အနှိပ်သည်ရဲ့ လက်တံထိပ်ဖျားကိုတော့ လူသားတို့ရဲ့ ထိတွေ့မှုအတိုင်းပဲ ဖြစ်အောင်လို့ အကောင်းဆုံး တုပဖန်တီးပေးထားတယ်ဆိုပြီး ယင်းစက်ရုပ်ဖန်တီးသူတွေက ပြောပါတယ်။
ပြည်တွင်းက နည်းပညာကုမ္ပဏီ AiTreat ရဲ့ ဖန်တီးမှုလက်ရာတစ်ခုဖြစ်တဲ့ ယင်း စက်ရုပ်လေး Emma ဟာ ယခုသီတင်းပတ်အတွင်းမှာပဲ မြို့တွင်းက NovaHealth TCM clinic ဆိုတဲ့ ဆေးခန်းမှာ စတင်အလုပ်ဝင်နေပြီ ဖြစ်ကာ တရုတ် ရိုးရာဆေးကုသမှုလုပ်ငန်းမှာ အသုံးပြုတဲ့ နှိပ်နယ်မှုပုံစံတစ်မျိုးအတိုင်း လုပ်ဆောင်ပေးနိုင်တယ်လို့ သိရပါတယ်။
Emma စက်ရုပ်မှာတော့ အဖြူရောင် သတ္ထုလက်တံတစ်ခုနဲ့အတူ ယင်းလက်တံကိုတော့ လူတွေရဲ့ လက်ဖဝါးနဲ့ လက်မ လိုမျိုး ဖြစ်အောင် အကောင်းဆုံးပြုပြင်ဖန်တီးထားတာဖြစ်ပါတယ်။
ယင်းစက်ရုပ်နဲ့ အနှိပ်ခံမယ့်သူတွေအနေနဲ့ ကုတင်တစ်လုံးမှာပဲ လဲလျောင်းလိုက်ရုံနဲ့ စက်ရုပ်က နှိပ်နယ်ပေးမှာဖြစ်ပါတယ်။
အဆိုပါ ဆေးခန်းကို လာရောက်သူတွေအနေနဲ့ စက်ရုပ်နဲ့အနှိပ်ခံဖို့အတွက် ကန်ဒေါ်လာ ၅၀ ကုန်ကျမယ်လို့လည်း သိရပါတယ်။